ဒီကနေ့ (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်) ကျင်းပတဲ့ ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲဟာ ပြည်သူတွေ မဲပေးရုံသက်သက်မဟုတ်ဘဲ လက်ရှိအစိုးရဆီကနေ အစိုးရသစ်ဆီကို နိုင်ငံတော်အာဏာ လွှဲပြောင်းယူမယ့် အစပျိုးမှုတစ်ခုလည်း ဖြစ်ပါတယ်။ရွေးကောက်ပွဲပြီးဆုံးချိန်ကနေ အစိုးရသစ် စတင်တာဝန်ထမ်းဆောင်နိုင်မယ့် အချိန်အထိ ကြာမြင့်မယ့် ကာလအပိုင်းအခြားနဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ထိုင်းသတင်းဌာန Thansettakij က အခုလို စုစည်းခန့်မှန်း ဖော်ပြထားပါတယ်။၁။ ရွေးကောက်ပွဲရလဒ် အတည်ပြုခြင်း (ဖေဖော်ဝါရီ - ဧပြီ)ရွေးကောက်ပွဲပြီးနောက် ရက်ပေါင်း ၆၀ အတွင်း (ဧပြီလ ၉ ရက်နေ့ နောက်ဆုံးထားပြီး) ရွေးကောက်ပွဲကော်မရှင် (EC) က တရားဝင်ရလဒ်တွေကို ကြေညာပေးရမှာ ဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေး စတင်ခေါ်ယူနိုင်ဖို့အတွက် အမတ်ဦးရေ စုစုပေါင်းရဲ့ ၉၅% (အယောက် ၅၀၀ မှာ ၄၇၅ ယောက်) ကို ကော်မရှင်က အတည်ပြုပေးဖို့ လိုအပ်ပါတယ်။
၂။ လွှတ်တော်စတင်ခြင်းနှင့် ဥက္ကဋ္ဌရွေးချယ်ခြင်း (ဧပြီ)
ရလဒ်ကြေညာပြီး ၁၅ ရက်အတွင်း (ဧပြီလ သင်္ကြန်ကာလအပြီးမှာ) ပထမဆုံး လွှတ်တော်အစည်းအဝေးကို ခေါ်ယူရမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေကို ရွေးချယ်သွားမှာဖြစ်ပြီး ဒါဟာ အစိုးရဖွဲ့စည်းမယ့် အင်အားစုတွေရဲ့ အာဏာချိန်ခွင်လျှာကို စတင်မြင်တွေ့ရမယ့် အချိန်ဖြစ်ပါတယ်။၃။ ဝန်ကြီးချုပ်ရွေးချယ်ခြင်း (မေ)
လွှတ်တော်ဖွဲ့စည်းပြီးနောက် မေလအစောပိုင်းမှာ ဝန်ကြီးချုပ်သစ်ကို ရွေးချယ်တင်မြှောက်မှာ ဖြစ်ပါတယ်။ အဆိုပြုခံရမယ့် ဝန်ကြီးချုပ်လောင်းဟာ အမတ်ဦးရေ အနည်းဆုံး ၂၅ ယောက် (၅%) ရှိတဲ့ နိုင်ငံရေးပါတီက ဖြစ်ရမှာဖြစ်ပြီး လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။၄။ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အာဏာလွှဲပြောင်းခြင်း (မေ - ဇွန်)
ဝန်ကြီးချုပ် ရွေးပြီးနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို စိစစ်ခန့်အပ်တာ၊ ဘုရင့်ရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုတာနဲ့ လွှတ်တော်တွင်း မူဝါဒသဘောထား ကြေညာတာတွေကို ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး အဖုအထစ်မရှိဘူးဆိုရင် ၂၀၂၆ ခုနှစ်၊ ဇွန်လလယ်လောက်မှာ အစိုးရသစ်က တိုင်းပြည်ကို စတင်အုပ်ချုပ်နိုင်မှာ ဖြစ်ပါတယ်။



