စစ်အုပ်ချုပ်ရေး ဥပဒေ ပြဌာန်းဖို့ ကြိုးပမ်းခဲ့မှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယော အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် သူ့ကို သေဒဏ်ချမှတ်ရေး အစိုးရရှေ့နေတွေက တောင်းဆိုထားပါတယ်။ေတာင်ကိုရီးယား၊ဆိုးလ်မြို့ရှိ တရားရုံး တစ်ရုံးက သမ္မတဟောင်း ယွန် အမှုကို နောက်ဆုံး အချေအတင် ချေပလျှောက်လဲချက်တွေကို ကြားနာ စစ်ဆေးခဲ့ပြီး သူဟာ အစိုးရကို တော်လှန်ပုန်ကန်တဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။၂၀၂၄ ခုနှစ် ဒီဇင်ဘာလက တောင်ကိုရီးယားမှာ သမ္မတဟောင်း ယွန်က စစ်အုပ်ချုပ်ရေး ဥပဒေကြေညာဖို့ ကြိုးပမ်းခဲ့ပြီး မအောင်မြင် ဖြစ်ခဲ့ရာက အခုလို အမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။သူ့ရဲ့ စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာမှုဟာ နာရီ အနည်းငယ်လောက်ပဲ ကြာခဲ့ပေမယ့် နိုင်ငံတွင်း နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပွားခဲ့ပါတယ်။နောက်ပိုင်းမှာ သူ့ကို လွှတ်တော်က စွပ်စွဲ ပြစ်တင်ပြီးနောက် ဖမ်းဆီးပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။သမ္မတဟောင်း ယွန်က သူ့အပေါ် စွဲတင်ထားတဲ့ စွဲချက်အားလုံးကို ပယ်ချထားပြီး အတိုက်အခံ ပါတီရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ပြည်သူလူထု သတိပြုမိလာစေရေး စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာခဲ့တာ ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။အသက် ၆၅ နှစ်အရွယ် သမ္မတဟောင်းဟာ ဧပြီလက ရာထူးက ဖယ်ရှား ထိန်းသိမ်းခံရပြီး တောင်ကိုရီးယားမှာ တာဝန်ထမ်းဆောင်ဆဲ ဖမ်းဆီးခံရတဲ့ ပထမဆုံး သမ္မတ အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။



