ထိုင်းနိုင်ငံ နခွန်ရတ်ဆီးမားပြည်နယ်က အမြန်ရထားလမ်း တည်ဆောက်နေတဲ့ လုပ်ငန်းသုံးကရိန်းဟာ မောင်းနှင်လာတဲ့ ရထားတစ်စီးပေါ်ကို ပြိုကျခဲ့ပါတယ်။ ဖြစ်စဥ်ဟာ ဇန်နဝါရီ၁၄ရက်ယနေ့မနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ လုပ်ငန်းခွင်က ကရိန်းတစ်ခုဟာ ရထားနံပတ် ၂၁ အပေါ်ကို ပြုတ်ကျခဲ့ပါတယ်။ လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရသူတွေ များပြားပြီး ၂၂ ဦးအထိ သေဆုံးတာကို အတည်ပြုထားပါတယ်။လက်ရှိ၌ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ ရထားတွဲမှ အလောင်းတွေကို ဖယ်ရှားနေဆဲဖြစ်တာကြောင့် သေဆုံးသူဦးရေ မြင့်တက်လာဖွယ်ရှိပါတယ်။
ရထားပေါ်မှာ ခရီးသည်နဲ့ ဝန်ထမ်း ၁၉၅ ယောက်လိုက်ပါခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။ လူ ၈၀ လောက်ဒဏ်ရာရခဲ့ပြီး လူဘယ်နှစ်ယောက် စိုးရိမ်ရတဲ့ အခြေအနေရှိနေလဲဆိုတာကို အတည်ပြုဖို့ ဆေးရုံကို အကြောင်းကြားထားတယ်ဆိုပါတယ်။
“နံနက် ၉ နာရီလောက်မှာ အပေါ်ကနေ တခုခု လျှောကျလာသလို ကျယ်လောင်တဲ့ အသံတစ်ခု ကြားလိုက်ရပြီး ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဘာတွေဖြစ်ခဲ့လဲဆိုတာ သွားကြည့်တော့ ခရီးသည်တင် ရထားတွဲသုံးတွဲပေါ်မှာ ကရိန်းက ပိမိနေတာကို တွေ့လိုက်ရတယ်။” လို့အခင်းဖြစ်ပွားရာနေရာမှာရှိနေတဲ့ ဒေသခံက ပြောပါတယ်။မြန်နှုန်းမြင့်ရထားစီမံကိန်းမှာ လုပ်ဆောင်နေတဲ့ ကရိန်းတစင်း ပြိုကျပြီး ဖြတ်သွားတဲ့ရထားကို ဝင်တိုက်မိကာ ရထားလမ်းချော် မီးလောင်သွားကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။အတည်ပြုထားတဲ့ အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုမှတ်တမ်းမှာတော့ ကရိန်းရဲ့ ကျိုးပဲ့နေတဲ့ အစိတ်အပိုင်းတွေဟာ ဧရာမကွန်ကရစ်တိုင်တွေပေါ်မှာရှိနေပြီး အောက်ဘက်ရှိ ရထားအပျက်အစီးတွေကနေ မီးခိုးတွေ ထွက်နေတာကို တွေ့ရပါတယ်။ မီးကို ငြှိမ်းသတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့်လည်း အခင်းဖြစ်ပွားရာနေရာမှာ ဓာတုပစ္စည်းယိုစိမ့်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ သက်ချာပွန်က နောက်ပိုင်းမှာ ပြောပါတယ်။ ဒီရထားလမ်းဟာ တရုတ်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ Belt and Road အခြေခံအဆောက်အအုံ စီမံကိန်း တစိတ်တပိုင်းအဖြစ် ၂၀၂၈ ခုနှစ်မှာ ဘန်ကောက်ကနေ တရုတ်နိုင်ငံ ကူမင်းကို ဆက်သွယ်ဖို့ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်တခု ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံ စီမံကိန်းတစ်ခုဖြစ်ပါတယ်။



