ပြည်တွင်း၌ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်း ကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ကြောင်းနှင့် အဆိုပါအမိန့်ကြော်ငြာစာသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၇ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၆) ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။ အဆိုပါ အမိန့်သည်ယာယီသမ္မတက UMFCCI နှစ်ပတ်လည်အခမ်းအနားတွင်ပြောကြားအပြီး တစ်လကျော်အကြာတွင်ပင် လျှော့ချပေးခဲ့ခြင်းဖြစ်သည်။ပို့ကုန်လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်သတ်မှတ်ဈေးဖြစ်သည့် တစ်ဒေါ်လာလျှင် ကျပ် ၂,၁၀၀ နှုန်းဖြင့် လဲလှယ်ရမည့်ပမာဏကို တဖြည်းဖြည်းလျှော့ချပေးနေခြင်းဖြစ်သည်။ ပို့ကုန်ရငွေ၏ ၁၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် ရောင်းချရမည်ဖြစ်သည်။
ဗဟိုဘဏ်၏ ဖြေလျှော့မှုများအရ ပို့ကုန်တင်ပို့သူများသည် ပို့ကုန်ရငွေပမာဏ၏ ၈၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်၏ Online Trading တွင် သတ်မှတ်ထားသည့်ဈေးဖြင့် ရောင်းဝယ်ရမည်ဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် ဗဟိုဘဏ်၏ Online Trading Marketတွင် တစ်ဒေါ်လာလျှင် ကျပ် ၃၆၅၀ ဝန်းကျင်ရှိသည်။ယခင်သတ်မှတ်ချက်ဖြစ်သည့် ၂၅-၇၅ အချိုးထက် လက်ရှိဖြေလျှော့လိုက်သည့် ၁၅-၈၅ အချိုးတွင် လုပ်ငန်းရှင်များအတွက် ပိုမို၍ လုပ်သာကိုင်သာရှိလာမည်ဖြစ်ကြောင်း သိရသည်။



