ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်၊ ဘန်ဘူထောင်မြို့တွင် ဇန်နဝါရီ ၅ ရက် ညပိုင်းက ထိုင်းအမျိုးသမီးတစ်ဦး၏ ဆိုင်ကယ်နှင့် အသက် ၂၀ ခန့်ရှိ မြန်မာလူငယ်တစ်ဦး၏ ဆိုင်ကယ်တို့ တိုက်မှုဖြစ်ပွားခဲ့ရာ မြန်မာလူငယ်ဘက်က လျော်ကြေးပေးရန် ကမ်းလှမ်းခဲ့သော်လည်း ထိုင်းအမျိုးသမီးက ၎င်း၏ခင်ပွန်းအား ဖုန်းဆက်ခေါ်ခဲ့ရာမှ ရောက်ရှိလာသည့် Grab မောင်းသူတစ်စုက မြန်မာလူငယ်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရိုက်နှက်မှုကြောင့် မြန်မာလူငယ်မှာ ဦးခေါင်းပေါက်ပြဲပြီး ပါးစပ်မှ သွေးများထွက်သည်အထိ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ အနီးရှိ မြန်မာနိုင်ငံသားများက ဘန်ဘူထောင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး ရဲစခန်းတွင်လည်း အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။ လက်ရှိတွင် ဒဏ်ရာရရှိသူ မြန်မာလူငယ်မှာ ဦးနှောက်အတွင်း သွေးခဲသွားသည့်အတွက် ဇန်နဝါရီ ၁၃ ရက်အထိ ဆေးရုံ၌ အထူးကြပ်မတ်ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရှိရပါသည်။


