ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် စားသောက်ဆိုင်ရှေ့၌ ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသားများကြား ခိုက်ရန်ဖြစ်မှုနှင့်ပက်သက်၍ ဆိုင်ပိုင်ရှင်က မြန်မာအလုပ်သမား ခြောက်ဦးကို အလုပ်ထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၁ ရက် နေ့လယ်ပိုင်းက စမွတ်ပရကန်ခရိုင် ဘန်ဘိုဒေသ စားသောက်ဆိုင်ရှေ့တွင် ထိုင်းနိုင်ငံသား ပစ္စည်းပို့သမားများနှင့် မြန်မာနိုင်ငံသားများကြား ရန်ဖြစ်ခြင်းဖြစ်သည်။ ထိုင်းပစ္စည်းပို့သမားများ ဆိုင်ရှေ့ရောက်လာသောအခါ အချင်းများပြီး မြန်မာနိုင်ငံသားက တုတ်ချောင်းကို ကိုင်၍ ဆိုင်ထဲက ထွက်လာပြီး ရိုက်နှက်ခဲ့ကြောင်း ဖော်ပြသည်။ နောက်ထပ် မြန်မာအလုပ်သမားများလည်း ဆိုင်ထဲက ထွက်လာပြီး ထိုင်းနိုင်ငံသားများနှင့် ခိုက်ရန်ဖြစ်ကြသည်။ ခိုက်ရန်ဖြစ်မှုကြောင့် ထိုင်းပစ္စည်းပို့သမားသုံးဦး ဒဏ်ရာရရှိခဲ့ပြီး မော်တော်ဆိုင်ကယ်တစ်စီးလည်း ပျက်စီးခဲ့ကြောင်း ဆိုသည်။ ဆိုင်ပိုင်ရှင်ကလည်း ခိုက်ရန်ဖြစ်မှုတွင် ပါဝင်သော မြန်မာအလုပ်သမား ခြောက်ဦးစလုံးကို အလုပ်ထုတ်ထားပြီဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ စားသုံးသူများကို တောင်းပန်ကြောင်း ပြောဆိုထားသည်။



