စင်ကာပူနိုင်ငံတစ်ဝန်းရှိ အလယ်တန်းကျောင်း (Secondary School) များတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှစတင်ကာ ကျောင်းတက်နေစဉ်အတွင်း ကျောင်းသားများ၏ လက်ကိုင်ဖုန်းများကို သိမ်းဆည်းထားရန် သီးသန့်ဒီဂျစ်တယ်လော့ခ်ပါ ဗီရိုငယ်များ တပ်ဆင်အသုံးပြုလာကြကြောင်း တွေ့ရှိရပါသည်။ ယခင်က စာသင်ချိန်အတွင်း၌သာ ဖုန်းအသုံးပြုခွင့်ကို ကန့်သတ်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ပညာရေးဝန်ကြီးဌာန (MOE) က ထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက်အသစ်များအရ ယခုနှစ်မှစတင်ကာ ကျောင်းတက်ချိန်၊ အားလပ်ချိန်နှင့် ကျောင်းပြင်ပလှုပ်ရှားမှု (CCA) အချိန်များအပါအဝင် တစ်ကျောင်းလုံး အချိန်ပြည့် ဖုန်းအသုံးပြုခြင်းကို တင်းကျပ်စွာ ပိတ်ပင်လိုက်ခြင်း ဖြစ်ပါသည်။ကျောင်းသားများအနေဖြင့် ကျောင်းရောက်သည်နှင့် ဖုန်းကို ပိတ်၍ ထိုဗီရိုထဲတွင် အပ်နှံရပြီး ဆရာ၊ ဆရာမများက ဒီဂျစ်တယ်စနစ်ဖြင့် သော့ခတ်သိမ်းဆည်းထားကြပါသည်။ စင်ကာပူနိုင်ငံရှိ Cedar Girls’ Secondary၊ Hai Sing Catholic၊ Admiralty Secondary နှင့် Hillgrove Secondary အစရှိသည့် ကျောင်းများအပါအဝင် ကျောင်းပေါင်း ၁၀ ကျောင်းခန့်ကလည်း ယခုကဲ့သို့ ဖုန်းသိမ်းဗီရိုများ တပ်ဆင်ရန် အစိုးရ၏ GeBIZ ဝဘ်ဆိုဒ်မှတစ်ဆင့် စတင်လုပ်ဆောင်နေပြီ ဖြစ်ပါသည်။



