ပြင်ဦးလွင်မြို့နယ်ကို Green City၊ Clean City၊ Smart City ဖြစ်စေရေးအတွက် သဘာဝပတ်ဝန်းကျင် ဂေဟနစ် တွေ ပျက်စီးမှု မရှိအောင် စနစ်တကျဆောင်ရွက်နေပြီး မြေယာအသုံးချမှုနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ လိုက်နာ ဆောင်ရွက်စေရေး အများပြည်သူသိရှိအောင် အရင်ကလည်း အသိပေးကြေညာခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ပြင်ဦးလွင်မြို့နယ်က လယ်မြေ၊ ယာမြေ၊ သစ်တောမြေ၊ မြေလွတ်မြေလပ်နဲ့ မြေရိုင်းတွေကို စည်ပင်သာယာရေး နယ်နမိတ်အတွင်း(သို့မဟုတ်) ရွာမြေအတွင်း ပါဝင်တယ်လို့ဆိုပြီး ဥပဒေနဲ့အညီ အသုံးပြုခွင့်မရှိဘဲ ကွက်စိတ်ရိုက် တာ၊ အုတ်တံတိုင်းကာရံတာ၊ အခိုင်အမာ အဆောက်အဦဆောက်လုပ်တာ စတဲ့ ကျူးလွန်ဆောင်ရွက်အသုံးပြုမှု တွေ၊ အရောင်းအဝယ်ပြုလုပ်နေတာတွေကို စိစစ်တွေ့ရှိရတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။မြေအသုံးပြုမှုနဲ့ပတ်သက်ပြီး နည်းလမ်းတကျ ရှိစေရေးအတွက် အများပြည်သူသိရှိစေဖို့ နိုင်ငံပိုင်သတင်းစာတွေ ကနေ ကြေညာခဲ့ပြီးဖြစ်ပေမဲ့လည်း မြေပြင်မှာ ဝိသမလောဘစီးပွားရေးသမားတွေက ပွဲစားတွေ၊ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Facebook၊ TikTok တို့ကနေ လိမ်ညာရောင်းချနေတယ်လို့ ဆိုပါတယ်။



