ငလျင်လှုပ်ခတ်ချိန် ကွန်ဒိုပြိုကာ လူအသေအပျောက် အဆိုးရွားဆုံးနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့တဲ့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒို ကုမ္ပဏီပိုင်ရှင်တွေ လူမြင်ကွင်းက ပျောက်ကွယ်ကာ ရှောင်တိမ်းနေကြတယ်လို့ တိုက်ခန်းဝယ်ယူထားသူနဲ့ ကွန်ဒိုမှာ နေထိုင်ခဲ့သူတွေက ပြောပါတယ်။ Sky Villa ကွန်ဒိုကို NTL Construction Co. Ltd က တည်ဆောက်ထားတာ ဖြစ်ပြီး ငလျင်ကြောင့် ပြိုကျ ပျက်စီးကာ ထိခိုက်ဆုံးရှုံးမှု များပြားခဲ့တဲ့အပေါ် တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းပေးဖို့ ကွန်ဒိုခန်း ဝယ်ယူ ထားသူတွေက တောင်းဆိုထားပေမယ့် ကိုးလကျော်အကြာ ယနေ့ထိ ဖြေရှင်းတာ မရှိသေးဘူးလို့ ဆိုပါတယ်။ကွန်ဒိုပြိုကျမှုနဲ့ပတ်သက်ပြီး ဆုံးရှုံးနစ်နာသူတွေကို တွေ့ဆုံဖြေရှင်းပေးဖို့ N.T.L ကုမ္ပဏီကို ကွန်ဒိုနေထိုင်သူတွေ စုပေါင်းကာ သတိပေး စာပို့ထားပေမယ့် တွေ့ဆုံခွင့် မရသေးဘူးလို့ အဲ့ဒီကွန်ဒိုမှာ နေထိုင်ခဲ့သူတစ်ဦးက ပြောပါတယ်။ကွန်ဒိုပြိုကျကာ သေဆုံးသူတွေအတွက် ပြီးခဲ့တဲ့ စက်တင်ဘာမှာ တစ်ဦးကို ကျပ်သိန်း ၁၀၀ နှုန်းနဲ့ စုစုပေါင်း ၁၄၈ ဦးအတွက် ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ NTL ကုမ္မဏီက ထုတ်ပြန်ထားကာ ထောက်ပံ့ငွေရယူဖို့ ကျန်တဲ့ မိသားစုဝင်တွေကိုလည်း ဆက်လက်ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။ Sky Villa ကွန်ဒို ရှာဖွေကယ်ဆယ်ရေးမှာ သေဆုံးသူရုပ်အလောင်း ၂၀၆ ဦး တွေ့ရှိထားပြီး သေဆုံးသူတချို့ရဲ့ မိသားစုတွေက ဂရုဏာထောက်ပံ့ကြေး မယူသေးဘဲ ကုမ္ပဏီနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေတယ်လို့ မိသားစုဝင်တွေ ဆုံးရှုံးထားသူ တစ်ဦးက ပြောပါတယ်။



