ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဒေသခံများအဆိုအရ ဗိုလ်ချုပ်ပန်းခြံသည် ပြည်သူများ စိတ်အပန်းဖြေရာ နေရာဖြစ်ပြီး ကလေးများ ဆော့ကစားနိုင်သည့်နေရာ၊ သက်ကြီးရွယ်အိုများ လမ်းလျှောက်အားကစားလုပ်ရာ နေရာ၊ မိသားစုများ စနေ၊ တနင်္ဂနွေတွင် လာရောက်လည်ပတ်လေ့ရှိသည့် နေရာတစ်ခုဖြစ်သည့်အတွက် လူနေအိမ်ဆိုင်ခန်းပြုလုပ်ခြင်းအားမလိုလားကြကြောင်း သိရသည်၊၊တောင်ကြီးမြို့တွင် အများပြည်သူ လည်ပတ်အပန်းဖြေနိုင်သည့် နေရာများ များပြားမှုမရှိသဖြင့် ဗိုလ်ချုပ်ပန်းခြံသည် မြို့ခံများအတွက် အရေးပါသည့် အပန်းဖြေရာနေရာတစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း ဒေသခံများက ဆိုသည်။အဆိုပါစီမံကိန်းသည် ပြည်သူလူထုအတွက် အကျိုးမရှိဘဲ စီးပွားရေးလုပ်ငန်းရှင်များသာ အကျိုးခံစားရမည်ဟု မြို့ခံများက ယူဆကြပြီး၊ နဂိုရှိပြီးသား အများပြည်သူပိုင် ပန်းခြံကို ထိခိုက်စေမည့် လုပ်ဆောင်မှုဖြစ်နိုင်ကြောင်းလည်း ထောက်ပြကြသည်။



