ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ မိုင်းဖုန်းဆရာတော်သာသနာသနာမြေအတွင်းတွင် မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တညဏသံဝရ ၏ သက်တော် (၆၃) နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ၅ ရက်တိုင်တိုင်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ဖူးမျှော်သူများနှင့်စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ဝိဇာတမွေးနေ့ပွဲတော်ကို ၁ ရက်နေ့၊ နံနက်ပိုင်းကစတင်၍ လွန်းလိန်းစေတီတော်တွင် ဘုရားရှိခိုးပူဇော်ပြီး နှီးဘုရားကျောင်းဆောင်တွင် ဘုရားဆွမ်းတော်ကပ်လှူပူဇော်ခြင်း၊ နှီးဘုရား အနီးရှိ တရားဟောစင်တွင် တရားဟောကြားခြင်းနှင့် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မိုင်းဖုန်းဆရာတော်အား ရေသပ္ပယ်ပူဇော်ပြီးနောက် ယနေ့တွင် မိုင်းဖုန်းဆရာတော်သည် ဝစီပိတ် အဓိဌာန် ဝင်မည်ဖြစ်ကြောင်းသိရသည်။ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် လွန်းလိန်းစေတီတော်ကျောင်းဝင်း ဆွမ်းစားကျောင်းဆောင် အနီးရှိ ဓမ္မာရုံကြီး တွင် မိုင်းဖုန်းဆရာတော်ဘုရားကြီးအား ရှိခိုးကန်တော့ပြီး ဝိဇာတမွေးနေ့ပွဲ အလှူအား ရေစက်ချအမျှဝေမည်ဟုသိရှိရသည်။ဗုဒ္ဓကာယာတွင်လည်း တပည့် ဒါယိကာများအား တရားရေအေးတိုက်ကျွေးမည်ဟု သိရှိရသည်။



