Tesla သည် တနှစ်တာ ရောင်းအား နှစ်နှစ်ဆက်တိုက် ကျဆင်းပြီးနောက် ကမ္ဘာ့ထိပ်တန်း လျှပ်စစ်ကားထုတ်လုပ်သူ သရဖူကို တရုတ်နိုင်ငံမှ BYD သို့ လွှဲပြောင်းပေးလိုက်ရသည်။ ပြိုင်ဆိုင်မှု မြင့်တက်လာခြင်း၊ အမေရိကန်၌ အခွန်သက်သာခွင့်များ သက်တမ်းကုန်ဆုံးခြင်း၊ အမှတ်တံဆိပ် အရှိန်အဝါ ကျဆင်းခြင်း၊ တက်စလာ စီအီးအို အီလွန်မတ်စ်၏ လက်ယာအစွန်းရောက်ခြင်းကို မလိုလားသဖြင့် တက်စလာ အီးဗီများကို အပြင်းအထန် ဆန့်ကျင်ကြခြင်း၊ မတ်စ်က ပြည်ထောင်စု အစိုးရ အသုံးစရိတ် အပြင်းအထန် လျှော့ချရေးကို ဦးစီးလုပ်ကိုင်သဖြင့် လူမုန်းခံရပြီး တက်စလာကို ဆန့်ကျင်ကြခြင်း စသည့် အကြောင်းတရားများ ပေါင်းဆုံပြီး ရောင်းအား ကျဆင်းခဲ့သည်။ ဥရောပတွင် အီလွန်မတ်စ်ကို ဆန့်ကျင်ကြရာ၌ အရောင်းပြခန်းများ ဖျက်ဆီးသည်အထိ ဖြစ်ပွားခဲ့သည်။



