ဂျပန်နိုင်ငံ၊ စိုင်းတာမစီရင်စု (Saitama Prefecture)၊ ချိချိဘူမြို့ (Chichibu City) မှာရှိတဲ့ မီဆူမီနဲနတ်ကွန်း (Mitsumine Shrine) မှာ ပြီးခဲ့တဲ့ ၂ ရက်နေ့ညက ဆီးနှင်းတွေကျပြီး လမ်းတွေရေခဲတာကြောင့် ဘုရားဖူးဧည့်သည်တွေ အိမ်ပြန်မရောက်ဘဲ တစ်ညတာ ကုန်ဆုံးခဲ့ရပါတယ်။ နတ်ကွန်းနဲ့ ချိတ်ဆက်ထားတဲ့ ခရိုင်လမ်းမကြီးကိုလည်း လမ်းတွေ အလွန်အမင်း ရေခဲပြီး ကားတွေ ချော်လဲတာတွေကြောင့် ယာဉ်သွားလာမှု လုံးဝပိတ်ပင်ထားရပါတယ်။ ဘယ်အချိန် ပြန်ဖွင့်နိုင်မယ်ဆိုတာကိုတော့ အခုထိ ခန့်မှန်းလို့ မရသေးဘူးလို့ သိရပါတယ်။ နတ်ကွန်းကားပါကင်နဲ့ လမ်းတွေပေါ်မှာ ကားအစီးရေ ၇၀ လောက် ရပ်တန့်နေခဲ့ပြီး လူပေါင်း ၁၃၀ လောက်ဟာ နတ်ကွန်းထဲမှာပဲ တစ်ညတာ ကုန်ဆုံးခဲ့ရတယ်လို့ မီဆူမီနဲနတ်ကွန်းဘက်က ပြောပါသည်။



