အသက် ၅၀ အောက် အူမကြီးကင်ဆာလူနာများ၌ နောက်ဆက်တွဲအဖြစ် အသည်းသို့ ပျံ့နှံ့သွားသော ကင်ဆာ (Liver Metastase) ဖြစ်ပွားနှုန်း အမြင့်ဆုံးဖြစ်နေတယ်လို့ ဒိန်းမတ်သုတေသနပညာရှင်များက လေ့လာတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ Liver Metastase ဟာ အူမကြီးကင်ဆာ လူနာများအနက် ၂၅ ရာခိုင်နှုန်းမှ ၃၉ ရာခိုင်နှုန်းအထိတွင် နောက်ဆက်တွဲ ပြဿနာတစ်ရပ် ပေါ်ထွက်လာတတ်ပြီး အူမကြီးကင်ဆာဆဲလ်များဟာ အသည်းဆီသို့ ပျံ့နှံသွားချိန်တွင် ဖြစ်ပေါ်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အူမကြီးကင်ဆာလူနာများအနက် Liver Metastase ဖြစ်ပွားနှုန်း အမြင့်ဆုံးလူနာများမှာ အသက် ၅၀ အောက် လူနာများဖြစ်ပြီး အဆိုပါ လူနာများရဲ့ ၂၉ ရာခိုင်နှုန်းတွင် ယင်း Liver Metastase ပြဿနာရှိနေတာကို တွေ့ရကြောင်းလည်း သိရပါတယ်။Liver Metastase ဆိုသည်မှာ အသည်း၌ စတင်ဖြစ်ပွားသည့် ကင်ဆာ မဟုတ်ဘဲ၊ ခန္ဓာကိုယ်၏ အခြားနေရာတစ်ခုခု (ဥပမာ- အူမကြီး၊ အဆုတ်၊ ရင်သား) တွင် စတင်ဖြစ်ပွားခဲ့သော ကင်ဆာဆဲလ်များက သွေးကြော သို့မဟုတ် ပြန်ရည်ကျိတ်များမှတစ်ဆင့် အသည်းသို့ ရောက်ရှိလာပြီး အကျိတ်အသစ်များအဖြစ် ပွားလာခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။အူမကြီးကင်ဆာရောဂါဟာ သာမန်အားဖြင့် သက်ကြီးပိုင်းများ၌ ဖြစ်ပွားတတ်သည့် ရောဂါဖြစ်သော်လည်း နောက်ပိုင်းတွင် လူငယ်များကြားတွင်ပါ ဖြစ်ပွားနှုန်း မြင့်တက်လာကြောင်းလည်း သိရပါတယ်။



