တရုတ်နိုင်ငံက BYD ကုမ္ပဏီဟာ Elon Musk ပိုင်ဆိုင်တဲ့ Tesla ကို ကျော်တက်ပြီး ကမ္ဘာ့ထိပ်တန်း လျှပ်စစ်ကား (EV) အရောင်းရဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း Tesla ရဲ့ ကားရောင်းချရမှုဟာ ၉ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး ၁.၆၄ သန်းသာ ရောင်းချခဲ့ရပေမယ့် BYD ကတော့ ၂၈ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး ၂.၂၅ သန်းကျော် ရောင်းချနိုင်ခဲ့တာကြောင့် အခုလို ကျော်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Tesla ဟာ မော်ဒယ်အသစ်တွေအပေါ် တုံ့ပြန်မှု ရောထွေးနေတာ၊ Musk ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ် စိုးရိမ်မှုတွေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လာတာတွေကြောင့် ခက်ခဲတဲ့ နှစ်တစ်နှစ်ကို ကြုံတွေ့ခဲ့ရပါတယ်။ အစိုးရရဲ့ ထောက်ပံ့ကြေး ရပ်ဆိုင်းလိုက်တာကြောင့်လည်း ၂၀၂၅ ခုနှစ် နောက်ဆုံး ၃ လပတ်မှာ အရောင်း ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Geely ၊ MG နဲ့ BYD တို့လို တရုတ်ကုမ္ပဏီတွေက ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချလာတာကြောင့် ဖိအားတွေ ပိုများလာစေခဲ့ပါတယ်။Elon Musk အနေနဲ့ စံချိန်တင် လစာခံစားခွင့် ရရှိဖို့အတွက် လာမယ့် ဆယ်စုနှစ်အတွင်း Tesla ရဲ့ အရောင်းနဲ့ ရှယ်ယာတန်ဖိုးကို မြှင့်တင်ဖို့ တာဝန်ရှိနေပြီး Humanoid စက်ရုပ် တစ်သန်း ရောင်းချဖို့လည်း ပါဝင်ပါတယ်။ ကုမ္ပဏီက "Optimus" နဲ့ မောင်းသူမဲ့ "Robotaxis" တွေမှာ ရင်းနှီးမြှုပ်နှံထားပေမယ့် Musk ဟာ X ၊ SpaceX နဲ့ အစိုးရပိုင်းဆိုင်ရာ တာဝန်တွေကြောင့် Tesla အပေါ် အာရုံစိုက်မှု နည်းနေတယ်လို့ ရင်းနှီးမြှုပ်နှံသူတချို့က ဝေဖန်ခဲ့ကြပါတယ်။BYD ဟာ တရုတ်ပြည်တွင်းမှာ ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် ရောင်းအားတက်နှုန်း အနည်းငယ် နှေးကွေးခဲ့ပေမယ့် ဈေးနှုန်းသက်သာမှုကြောင့် ကမ္ဘာ့ EV ဈေးကွက်မှာ အင်အားကြီးမားနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတချို့က အခွန်အခတွေ တိုးမြှင့်ကောက်ခံနေပေမယ့် လက်တင်အမေရိက၊ အရှေ့တောင်အာရှနဲ့ ဥရောပတို့မှာ ဈေးကွက်ချဲ့ထွင်နေပြီး ယူကေနိုင်ငံဟာ တရုတ်ပြင်ပမှာ BYD ရဲ့ အကြီးဆုံးဈေးကွက် ဖြစ်လာခဲ့ပါတယ်။



