မြဝတီ - ရန်ကုန် ခရီးတွင် ရှမ်းပြည်မှတ်ပုံတင် ၁၃/ ကိုင်ဆောင်ထားသူများမှာ ကားခအခြား သူများထက် ကားခ အဆ ၂၀ ကျော် ပိုပေးနေရကြောင်း ရှမ်းဒေသခံ ခရီးသည်များထံမှ သိရသည်။လက်ရှိတွင် ယင်းခရီးစဉ်အတွက် ပုံမှန် ခရီးသည်များ၏ ကားခမှာ တစ်သိန်း ၃ သောင်းကျပ်သာ ရှိသော်လည်း ရှမ်းပြည်မှတ်ပုံတင် ကိုင်ဆောင်ထား သူများမှာမူ ၁၈ သိန်းမှ ၂၅ သိန်း အထိပေးနေရကြောင်း သိရသည်။“၁၃/ ဖြစ်ရတာလည်း မလွယ်ဘူးဗျာ။ တခြား တရုတ်ကျားဖြန့် လုပ်တဲ့သူတွေ ဘာတွေက ပိုက်ဆံတောင်းတာ ထားပါတော့။ ငါတို့ဆို ရှမ်းစစ်စစ်ကွာ၊ ကျားဖြန့်လုပ်တာလည်းမဟုတ်ဘူးကွာ၊ တရုတ်စကားလည်း မတတ်ဘူးကွာ။ အဲဒါကို ကားခက ၁၈ သိန်း ၂၅ သိန်း ဆိုတော့ မဟုတ်တော့ဘူးလေ။ ဘယ်လိုလုပ် အိမ်ပြန်လည် ရတော့မလဲ”ဟု မြဝတီတွင် ဈေးဆိုင်ဖွင့်နေသည့် ရှမ်းအမျိုးသမီးတစ်ဦးက ပြောသည်။ကရင်ပြည်နယ်တွင် ကျားဖြန့်နှိမ်နှင်းရေး လုပ်ဆောင်လာ ပြီးနောက် ၁၃/ ကိုင်ဆောင်ထားသူများကို ကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးလာသူများဟု သတ်မှတ်ကာ ခရီးသွားခွင့်မပြုခြင်း၊ ကားလက်မှတ် မရောင်းချပေးခြင်းများကို ဖိအားဖြင့် ပြုလုပ်နေသည်။



