အရေးကြီး/ အရေးပေါ်ဖြင့် ပြည်ပသို့ သွားရောက်လိုသူများ Online Booking တင်ရာတွင်လည်းကောင်း၊ ရုံးတွင်းဆောင်ရွက်ရာတွင်လည်းကောင်း စောင့်ဆိုင်းရန် မလိုဘဲ ၅ ရက်နဲ့ Passport ရရှိနိုင်မည့် အမြန်ဝန်ဆောင်မှု (Express Service) ကို ဇန်နဝါရီ ၅ ရက်တွင် စတင်ဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ယနေ့ ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန် အသိပေးထားပါတယ်။အဆိုပါ ထုတ်ပြန်ချက်အရ မည်သည့်အိမ်ထောင်စုစာရင်းဝင်မဆို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ထို့သို့ လျှောက်ထားလာတဲ့ လျှောက်လွှာများကိုလက်ခံပြီး ၅ ရက်အကြာတွင် နိုင်ငံကူးလက်မှတ်စာအုပ်ရမည် ဖြစ်ပြီး အမြန်ဝန်ဆောင်ခမှာ စာအုပ်ဖိုးအပါအဝင် ၅၄၅,၀၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။အမည်မည်းစာရင်းတွင် ပါဝင်သူများ၊ ပြစ်မှုကျူးလွန်ပြီး စစ်ဆေးချက် မပြီးစီးသူများ၊ ပြစ်ဒဏ်ကာလမပြီးမီ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများ၊ ပြည်ပထွက်ခွာမှု တားဆီးခံရသူများ၊ လက်ရှိနိုင်ငံ့ဝန်ထမ်းများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများနှင့် ပုဂ္ဂလိအဖွဲ့အစည်းများမှ ထောက်ခံချက်လိုအပ်သူများအနေဖြင့် ငွေ မဆုံးရှုံးစေရေးအတွက် ရုံးများတွင် စုံစမ်းပြီးမှသာ လျှောက်ထားဖို့ကိုလည်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အသိပေးထုတ်ပြန်ထားပါတယ်။



