ဒီဇင်ဘာ (၂၈) ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် မွန်ပြည်နယ်အတွင်း ဝင်ပြိုင်ကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ( USDP) မှ ကိုယ်စားလှယ်အများစု မဲအများဆုံးဖြင့် အနိုင်ရရှိထားကြောင်း သိရသည် ။မွန်ပြည်နယ်(၅)မြို့နယ်ဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့တွင် ကျင်းပခဲ့ရာ ချောင်းဆုံမြို့နယ်အတွင်း USDP မှ ပြည်နယ်လွှတ်တော်နေရာအတွက် ဝင်ပြိုင်သည့် မွန်ပြည်နယ်ဝန်ကြီးချုပ်က မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။မွန်ညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် မင်းစိုးသူနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ် ပြိုင်သည့် နိုင်အမ်ချမ်းမွန်(ခ)မင်းစိုးခိုင်တို့က မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ကျန်မြို့နယ်များဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် ကျိုက်မရောမြို့နယ်တို့တွင်လည်း USDP က မဲအများဆုံးဖြင့် အနိုင်ရရှိထားသည်။



