ဧရာ၀တီတိုင်း၊ငသိုင်းချောင်းမြို့ပေါ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့ မနေ့ညက ဓါးပြတိုက်၊ လုယက်မှုတခု ဖြစ်ပွားခဲ့ပြီး ရွှေနဲ့ ငွေသားအများ အပြားလုယူခံလိုက်ရပါတယ်။“အပြင်က ကားနဲ့ပြန်အလာမှာ တိုက်တာတဲ့၊ ပြီးရင် အိမ်ထိလဲလိုက်လာပြီးတော့ ငွေတွေ ထပ်တိုက်တယ် ပြောကြတယ်။ ငွေတွေ အတော်ပါသွားတယ် ကြားတယ်၊ ခြံရောင်းထားတဲ့ငွေတွေ တော်တော် များတယ်ပြောတယ်။ အခုထိတော့ တရားခံ မမိသေးဘူး” လို့ ငသိုင်းချောင်းဒေသခံတဦးက ပြောပါတယ်။ဓါးပြတိုက်၊ လုယက်ခံခဲ့ရသူတွေဟာ အရီစတိုးပိုင်ရှင်တွေဖြစ်တဲ့ ကိုပုတီးနဲ့ မမြရည်ဝင်းတို့ဖြစ်ပြီး ကားနဲ့ပြန် အလာမှာ ပြောက်ကျားဘောင်းဘီဝတ်ထားတဲ့လူနှစ်ယောက်က အနောက်ကတက် ဓါးနဲ့ထောက်ကာ ဝတ်ထားတဲ့ ရွှေတွေကို လုယူပြီး သူတို့ဖွင့်ထားတဲ့ဆိုင်(အိမ်)ထိပါ ထပ်လိုက်၊ ထပ်မံလုယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အရီစတိုးဆိုင်၊ အရီမုန့်တိုက်ဟာ ငသိုင်းချောင်းမြို့မှာ နာမည်ရှိတဲ့ ဆိုင်တခုဖြစ်ပြီး ဆိုင်ခွဲလည်း ရှိသလို ငွေကြေးချောင်လည် ပြည့်စုံသူတွေ ဖြစ်ကြတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ လက်ရှိမှာတော့ ငသိုင်းချောင်းမြို့ပေါ် မှာ အစစ်အဆေးတွေမရှိ၊ ပုံမှန်အနေအထားပဲ တွေ့ရတယ်လို့ ငသိုင်းချောင်းဒေသခံက ပြောပါတယ်။
Dec 30 • 5:41 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 27 | 0 | 0 | 0 |


