တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းကို ပိတ်ဆို့ပုံနဲ့ အဓိက နေရာတွေကို သိမ်းပိုက်တာမျိုး ပုံဖော် ထားတဲ့ "Justice Mission 2025" (တရားမျှတမှု မစ်ရှင် ၂၀၂၅) လို့ အမည်ပေးထားတဲ့ စစ်ရေး လေ့ကျင့်မှုကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။ဒီစစ်ရေးလေ့ကျင့်မှုက အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်ကြီး တွေ ရောင်းချပေးမယ်လို့ ကြေညာခဲ့ပြီး နောက်ပိုင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
မနေ့က ဒီဇင်ဘာ၂၉ရက်တနင်္လာနေ့ တရက်တည်းမှာတင် ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်လေယာဉ် ၈၉ စင်းနဲ့ စစ်သင်္ဘော ၂၈ စင်းကို ထိုင်ဝမ်ဘက်က ထောက်လှမ်းတွေ့ရှိခဲ့ ပါတယ်။ဒီနေ့ဒီဇင်ဘာ၃၀ရက် အင်္ဂါနေ့ မနက် ၈ နာရီ ကနေ ညနေ ၆ နာရီအထိ ကျည် အစစ်တွေ သုံးပြီး အကြီးစား စစ်ရေး လေ့ကျင့်မှုတွေ လုပ်မှာဖြစ်လို့ ခရီးသည် ၁ သိန်းကျော်ရဲ့ လေကြောင်း ခရီးစဉ်တွေ လမ်းကြောင်း လွှဲရတော့မယ့် အခြေအနေ ဖြစ်နေပါတယ်။ထိုင်ဝမ် သမ္မတ လိုင်ချင်းတယ် ကတော့ ဒါဟာ နိုင်ငံတကာ စံနှုန်းတွေကို စိန်ခေါ် နေတာဖြစ်ပြီး ထိုင်ဝမ် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတွက် ဒုံးပျံ စနစ်တွေကို အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။ဂျပန်ဘက်ကလည်း တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာတာနဲ့ သူတို့ဘက်က ဝင်ကူညီနိုင်တယ်လို့ အရိပ်အမြွက် ပြောထားတဲ့ အတွက် တရုတ်-ဂျပန် ဆက်ဆံရေးဟာလည်း အဆိုးဆုံးအခြေအနေ တစ်ခုဆီရောက်လာပါပြီ။ဒီစစ်ရေးလေ့ကျင့်မှုအနေနဲ့ ထိုင်ဝမ်ကိုတင် သတိပေးတာ မဟုတ်ဘဲ အမေရိကန်နဲ့ ဂျပန်လို နိုင်ငံခြား အင်အားစုတွေကိုပါ ဝင်မပါဖို့ သတိပေးလိုက်တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။



