ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ် အတွင်းရှိ လာဒါ ရိုဟင်ဂျာ ဒုက္ခသည်စခန်း တွင် ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက မီးလောင်မှုကြီးတစ်ရပ် ဖြစ်ပွားခဲ့ပြီး နေအိမ် အလုံး ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ဒေသခံများအရ မီးလောင်မှုမှာ ည ၁၀ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် မီးသတ်တပ်ဖွဲ့မှ ၃ နာရီခန့် ကြိုးပမ်းမီးသတ်ခဲ့ရပြီး ည ၁ နာရီကျော်တွင် မီးကို ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။ ယခုအချိန်အထိ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း အတည်ပြုထားသည်။မီးလောင်မှုမှာ ဒုက္ခသည်စခန်းအမှတ် (၂၄) နှင့် (၂၅) မှ စတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်များသည် တာပေါ်လင်နှင့် ဝါးများဖြင့် တည်ဆောက်ထားခြင်းကြောင့် မီးကူးစက်လောင်ကျွမ်းမှု အလွန်လျင်မြန်ခဲ့သည်ဟု ကော့စ်ဘဇားခရိုင် မီးသတ်တပ်ဖွဲ့ဘက်မှ တာဝန်ရှိသူက ပြောဆိုသည်။



