လက်ရှိဖြစ်ပေါ်နေသော လာနီညာရာသီဥတုအခြေအနေသည် ၂၀၂၆ ခုနှစ်၊ မတ်လအထိ ဆက်လက်တည်ရှိနိုင်ပြီး ဇန်နဝါရီလမှ မတ်လအတွင်း ပုံမှန်ရာသီဥတုသို့ ပြန်လည်ကူးပြောင်းရန် ၆၈ ရာခိုင်နှုန်းအထိ အလားအလာရှိကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားသည်။ ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၄ ရက်အထိ ရက်သတ္တပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်သည်မှအပ ကျန်တစ်ပြည်လုံးတွင် မိုးရွာရန်အခြေအနေမရှိဘဲ နေ့အပူချိန်များ မြင့်တက်ကာ ညအပူချိန်များ ဆက်လက်ကျဆင်းနေမည်ဖြစ်သည်။ ထို့ပြင် မြစ်ရေအမြင့်များ ဆက်လက်ကျဆင်းနေမည်ဖြစ်သောကြောင့် စိုက်ပျိုးရေရရှိသည့်ဒေသများမှလွဲ၍ ကျန်ဒေသများတွင် မြေဆီလွှာစိုထိုင်းဆ လျော့ကျနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရှင်များက အသိပေးနှိုးဆော်ထားသည်။



