ခရီးသွားကုမ္ပဏီများ၊ ခရီးသွားအေဂျင်စီများနှင့် ပုဂ္ဂလိကကျောင်းများအတွက်၊ အထူးဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး၊ အပတ်စဉ် စနေတနင်္ဂနွေနေ့များတွင်ဝန်ဆောင်မှုရယူနိုင်ကြောင်း မြန်မာ့မီးရထား (မန္တလေးဘူတာ)သတင်းအရင်းအမြစ်က ပြောသည်။ဝန်ဆောင်မှုရယူလိုလျှင် မြန်မာ့မီးရထား(မန္တလေးတိုင်းဒေသကြီး)နှင့်ဆက်သွယ်ရမည်ဖြစ်ပြီး၊ ဈေးနှုန်းအနေနှင့်တော့ (၂၄)ဦးလိုက်ပါစီးနင်းနိုင်သည့်အသွားအပြန်ခရီးစဉ်အတွက်၊ ငွေကျပ်(၇၂၀၀၀၀)ကျသင့်မည်ဖြစ်ကြောင်း သိရသည်။မြန်မာ့မီးရထားအနေနှင့်၊ မန္တလေး-လားရှိုးလမ်းပိုင်းရှိ ဇီးပင်ကြီး-ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်းကို ယနေ့ (ဒီဇင်ဘာ ၁၉ ရက်)မှစ၍ ပြန်လည်ပြေးဆွဲပေးနေပြီး၊ ပြည်တွင်းပြည်ပခရီးသွားများ သမိုင်းဝင်ဂုတ်ထိပ်တံတား ကြီးအားလေ့လာကြည့်ရှုနိုင်ရန်၊ လမ်းခရီးတစ်လျှောက်ရှိ ရေမြေတောတောင်သဘာဝရှုခင်းများ ကြည့်ရှုရင်း အပန်းဖြေနိုင်ရန်၊ ရှမ်းပြည်နယ်အတွင်းရှိဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့်၊ ဒေသန္တရဗဟုသုတများရရှိစေရန် ရည်ရွယ်သည်ဟု ဆိုသည်။



