အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်ယူကရိန်းသမ္မတဇီလန်စကီးတို့သည် ဒီဇင်ဘာ ၂၈ရက်တွင် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲတွင် ယူကရိန်းငြိမ်းချမ်းရေး အဆိုပြုမူဘောင်၌ ပါဝင်သော နယ်မြေပိုင်နက် ထိန်းချုပ်ခွင့်ကိစ္စများနှင့် ယူကရိန်းရယူလိုသည့်လုံခြုံရေးအာမခံချက်များကို အဓိကထား ဆွေးနွေးရန် ယူကရိန်းသမ္မတဇီလန်စကီးက ရည်ရွယ်ထားသည်။ ယူကရိန်းငြိမ်းချမ်းရေး အဆိုပြုချက်မူဘောင်နှင့်ပတ်သက်၍ မိမိအနေဖြင့် နှစ်သစ်မတိုင်မီအဆုံးအဖြတ်များပေးနိုင်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောကြားထားသည်။သမ္မတဇီလန်စကီး၏အဆိုအရ ယူကရိန်းနှင့် အမေရိကန်ပြည်ထောင်စုတို့ ဆွေးနွေးရေးဆွဲနေသော အချက်ပေါင်း (၂၀) ပါ ယူကရိန်းငြိမ်းချမ်းရေးမူဘောင်မှာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အထက်ပါ ငြိမ်းချမ်းရေးမူဘောင်တွင်အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံအတွက်(၁၅)နှစ်သက်တမ်းရှိ လုံခြုံရေးအာမခံချက်များကမ်းလှမ်းထားပြီး ယင်းလုံခြုံရေးအာမခံချက်များသက်တမ်းကို ထပ်တိုး၍ရနိုင်ကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲတွင် မိမိတို့အနေဖြင့် ယူကရိန်းအရှေ့ပိုင်းဒွန်းဘတ်စ်ဒေသကြီးကိစ္စနှင့် ဇာပိုရစ်ဇီယာ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ကိစ္စတို့ကိုလည်းဆွေးနွေးမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ပြောကြားထားသည်။



