ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ယခုနှစ် မီးသွေးပေါ်ချိန်၌ မီးသွေးဈေးနှုန်းများ သိသိသာသာ ကျဆင်းနေသည့်အပြင် ဝယ်ယူသူလည်း ရှားပါးနေသဖြင့် မီးသွေးလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်နေသည့် ဒေသခံများ မိသားစုစားဝတ်နေရေး အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်းက မီးသွေးဈေးနှုန်းမှာ တစ်တန်လျှင် တရုတ်ယွမ်ငွေ (၁,၂၀၀) ခန့် ပေါက်ဈေးရှိခဲ့သော်လည်း ယခု ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တစ်တန်လျှင် ယွမ် (၁,၀၅၀) ခန့်သာ ဈေးရှိတော့ကြောင်း ဒေသခံများက ဆိုသည်။ထို့အပြင် မီးသွေးဒိုင်များနှင့် ပွဲစားများဘက်တွင်လည်း တရုတ်နိုင်ငံဘက်သို့ တင်ပို့ရန် လမ်းကြောင်း အခက်အခဲများကြောင့် ဈေးကောင်းမပေးနိုင်ဘဲ ဖြစ်နေသည်။နမ့်ခမ်းမြို့ရှိ ဒေသခံအများစုသည် မီးသွေးလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်နေကြသူများဖြစ်ပြီး ယခုကဲ့သို့ မီးသွေးဈေးကွက် ပျက်စီးနေမှုကြောင့် စားဝတ်နေရေးအတွက် တရုတ်နိုင်ငံဘက်သို့ သွားရောက်အလုပ်လုပ်ကိုင်သူ ဦးရေလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။



