ပြည်တွင်းမှ ထွက်ရှိတဲ့ ပျားရည်ကို ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို အများဆုံး တင်ပို့ထားနိုင်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲကနေ သိရပါတယ်။ပျားရည်ကို ပြည်တွင်းမှာ စားသုံးခြင်းနဲ့ ဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ အသုံးပြုလျက်ရှိတဲ့အပြင် နှစ်စဉ် ပြည်ပနိုင်ငံတွေကိုလည်း တင်ပို့နေတယ်လို့ ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။ယခုဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ရှစ်လတာ ကာလအတွင်း ပျားရည်မက်ထရစ်တန် ၈၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အများစုကို ပုံမှန်ကုန်သွယ်ရေးဖြစ်တဲ့ ပင်လယ်ရေကြောင်းကနေ တင်ပို့ခဲ့တာလည်းဖြစ်ပါတယ်။ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းက ၈၃၆.၉၅ တန်နဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက ၁.၂၉ တန် တင်ပို့ခဲ့ပါတယ်။ ရှစ်လတာကာလအတွင်း ပျားရည်စုစုပေါင်း မက်ထရစ်တန် ၈၃၈.၂၄ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၂၅၇ သန်း ရရှိခဲ့ပါတယ်”လို့ ဒုတိယညွှန်ကြားရေးမှူးက ဆိုပါတယ်။ပြည်တွင်းမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ပျားရည်အများဆုံးထွက်ရှိပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာလည်း အနည်းငယ် ထွက်ရှိပါတယ်။ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ပန်းပေါင်းစုံပျားရည်၊ ရော်ဘာပျားရည်နဲ့ နှမ်းပျားရည်တို့ ထွက်ရှိပြီး အဆိုပါပျားရည်တွေကို သက်ဆိုင်ရာသီးနှံတွေ စိုက်ပျိုးတဲ့ ရာသီအလိုက် စုဆောင်းရရှိခြင်းဖြစ်ပါတယ်။



