မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရာဇတ်ကို ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ 1MDB အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၂၆ ရက်က ရုံးတင်စစ်ဆေးမှုမှာ အာဏာ အလွဲသုံးစားမှုနဲ့ ငွေကြေးခဝါချမှုတို့အတွက် နောက်ထပ် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပြီး ဒဏ်ငွေ ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ချမှတ်ခံခဲ့ရပါတယ်။ ဒီစီရင်ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရကြီးမားတဲ့ အကျိုးဆက် ရှိနိုင်တယ် လို့လည်း ဆိုပါတယ်။ ဒီဇင်ဘာ ၂၆ ရက်မှာ နောက်ထပ် ၁၅ နှစ် ထောင်ဒဏ် ချမှတ်ခံရပြီးနောက်မှာ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ဟာ မလေးရှားနိုင်ငံသားတွေကို စိတ်အေးအေးထားဖို့ တိုက်တွန်းခဲ့ပါသည်။ နာဂျစ်ဘ်က ဒီဇင်ဘာ ၂၉ ရက်မှာ ဒီဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ပြောပါတယ်။ နာဂျစ်ဘ်ပူးတွဲ တည်ထောင်ခဲ့တဲ့ နိုင်ငံတော်ရန်ပုံငွေတခုဖြစ်တဲ့ 1Malaysia Development Berhad (1MDB) မှ အနည်းဆုံး အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ခိုးယူခံခဲ့ရကြောင်း ဆိုထားပါတယ်။



