နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းတွေကို တိုးချဲ့ပြီး ရှိရင်းစွဲ (မူလ) ဝင်ငွေအရင်းအမြစ်တွေအပေါ် မှီခိုမှုကို လျှော့ချနိုင်ဖို့ မျှော်မှန်းထားကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) စာရင်းဝင် မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်း (MTSH) အများပိုင်ကုမ္ပဏီလီမိတက်ရဲ့ ၂၀၂၅-၂၀၂၆ နှစ်ဝက် ဘဏ္ဍာရေးရှင်းတမ်းမှာ ဖော်ပြထားပါတယ်။မြန်မာ-ဂျပန် သီလဝါ ဒတ်ပလော့မင့်လီမိတက် (MJTD) မှာ ဆိုလာစီမံကိန်းတွေကို အောင်မြင်စွာ စတင်လည်ပတ်နိုင်ခဲ့ခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်းနဲ့ သီလဝါ ပရောပါတီး ဒတ်ပလော့မင့်လီမိတက် (TPD) မှာ လက်ရှိဖော်ဆောင်နေတဲ့ ဆိုလာစီမံကိန်းတို့ကို အခြေခံပြီး MTSH ကုမ္ပဏီအုပ်စုအနေနဲ့ ကွဲပြားပြီး အရွယ်အစားကြီးမားတဲ့ သန့်ရှင်းသော စွမ်းအင်ပလက်ဖောင်းတစ်ခုကို စဉ်ဆက်မပြတ် ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။MJTD အနေနဲ့ ဆိုလာစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးကို ၄ မဂ္ဂါဝပ်နဲ့ စတင်နိုင်ပြီး ၁၅ မဂ္ဂါဝပ်အထိ ထုတ်လုပ်ဖို့ မျှော်မှန်းထားတာကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးမှ ဝင်ငွေစီးဆင်းမှုတွေ ရရှိနိုင်မယ်လို့ သိရပါတယ်။ TPD ကလည်း ၃.၃ မဂ္ဂါဝပ် စီမံကိန်းကို ယခုဘဏ္ဍာနှစ်မှာ ပြီးစီးမှာဖြစ်လို့ ကုမ္ပဏီလုပ်ငန်းစုအတွက် ဝင်ငွေအသစ်တွေ စတင်တိုးပွားလာစေမှာလည်း ဖြစ်တယ်လို့ ဘဏ္ဍာရှင်းတမ်းအရ သိရပါတယ်။ဘဏ္ဍာနှစ်ဝက်ကာလအတွင်း နေရောင်ခြည်စွမ်းအင်စီမံကိန်းတွေကို ပုံသေပိုင်ပစ္စည်းတွေအဖြစ် ထည့်သွင်းခြင်းနဲ့ တွဲဖက်လုပ်ငန်းမှ အမြတ်ဝေစုတွေကြောင့် လက်ငင်းရပိုင်ခွင့်စုစုပေါင်း ကျပ် ၆၂.၆ ဘီလီယံအထိ မြင့်တက်လာခဲ့တယ်လို့လည်း သိရှိရပါတယ်။



