လားရှိုးခရိုင်အတွင်းရှိ ရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိထားသည့် လုပ်ငန်းရှင် ၇ ဦး၏ ဘဏ္ဍာနှစ် ၂ နှစ်စာ မြေငှားရမ်းခများကို ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ကုန် မတ်လတွင် နောက်ဆုံးပေးသွင်းရန် လားရှိုးခရိုင် သစ်တောဦးစီးဌာနမှ အသိပေးကြေညာထားပါတယ်။
အဆိုပါအသိပေးကြေညာချက်အရ သစ်တောမြေအတွင်း ပုဂ္ဂလိက ရာဘာစိုက်ခင်းတည်ထောင်ခွင့်ရရှိကြသည့် လုပ်ငန်းရှင်များအနေဖြင့် မြေငှားရမ်းခများကို သတ်မှတ်နှုန်းထားများအတိုင်း လာမည့် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လာရောက်ပေးသွင်းကြရန် ပါရှိပါတယ်။အကယ်၍ ပေးသွင်းခြင်းမရှိပါက သစ်တောဦးစီးဌာနနှင့် ချုပ်ဆိုထားသော ပုဂ္ဂလိကစိုက်ခင်း တည်ထောင်ခြင်းဆိုင်ရာ စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ မြေများကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ မြေငှားခများပေးသွင်းရန် ကျန်ရှိသည့်သူများအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ပေးသွင်းရမှာဖြစ်ကြောင်း၊ ပေးသွင်းရန်ကျန်ရှိသည့် ကြိုးဝိုင်းနှင့် ကွင်းအမှတ်များနေဖြင့် ကွမ်းလုံဒေသရှိ တစ်ဦးတည်းငှားရမ်းထားသည့် ဟိုက်ကမ်းပါးကြိုးဝိုင်း ၁၈၅ ဧက၊ ငှားရမ်းသူ ၆ ဦးရှိသည့် ဟိုပန် ဒေသ၊ ဖာခါးကြိုးဝိုင်း၏ ၄၅ ဧက၊ ၃၆ ဒသမ ၅ ဧက၊ ၃၅ ဧက၊ ၃၇ ဧက၊ ၉၀ ဧက၊ ၇၅ ဧက စုစုပေါင်း ၅၀၃ ဒသမ ၅ ဧက အသီးသီး၏ ငှားရမ်းခများကို တောင်းခံထားခြင်း ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရပါတယ်။



