စိတ်ကျဝေဒနာနှင့် စိုးရိမ်သောကဝင်ရောက်မှုတို့ဟာ နှလုံးရုတ်တရက်ဖောက်နိုင်ခြေနှင့် လေဖြတ်နိုင်ခြေကို မြင့်တက်စေနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားထားပါတယ်။အမေရိကန် သုတေသနပညာရှင်များဟာ စိတ်ကျဝေဒနာနှင့် စိုးရိမ်သောကဝင်ရောက်မှုပြဿနာ ၂ မျိုးလုံးရှိနေသည့် လူနာ ၁၅,၀၀၀ ခန့်နှင့် အထက်ပါ စိတ်ကျန်းမာရေးပြဿနာ ၂ မျိုးအနက် တစ်မျိုးမျိုးရှိနေသူ လူနာ ၁၅,၈၀၀ ကျော်တို့ကို အချိန်ယူ စောင့်ကြည့်လေ့လာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ လေ့လာချက်မှပေါ်ထွက်လာသည့် ရလဒ်များအရ စိတ်ကျဝေဒနာနှင့် စိုးရိမ်သောက ဝင်ရောက်မှု ၂ မျိုးစလုံး ရှိသူများဟာ တစ်မျိုးတည်းရှိသူများထက် နှလုံးဖောက်နိုင်ခြေ နှင့် လေဖြတ်နိုင်ခြေ မှာ ၃၁ ရာခိုင်နှုန်း ပို၍မြင့်မားသည်ကိုတွေ့ရကြောင်း ပညာရှင်များက ပြောကြားထားပါတယ်။ စိတ်ကျဝေဒနာ နှင့် စိုးရိမ်သောက ဝင်ရောက်မှု ပြဿနာများနှင့် အထက်ပါ နှလုံးကျန်းမာရေး ဖြစ်နိုင်ခြေမြင့်တက်လာမှုတို့အကြား မည်သို့ ဆက်စပ်နေသည်ကို ပညာရှင်များမှ ရှင်းပြနိုင်မှု မရှိသေးသလို စိတ်ကျဝေဒနာနှင့် စိုးရိမ်သောကတို့ကြောင့် ဦးနှောက်လှုပ်ရှားမှုများနှင့် အာရုံနာ့ဗ်ဆဲလ်စနစ် တုံ့ပြန်မှုများ ပေါ်ထွက်လာပြီး နှလုံးအပေါ် ဖိအားသက်ရောက်မှု ရှိလာနိုင်ကြောင်းလည်း ပညာရှင်များက ပြောကြားထားပါတယ်။



