ရန်ကုန်မြို့ကနေ ပုဂံဘုရားဖူးလာကြတဲ့ မိသားစုဟာ ဒီဇင်ဘာ ၁၉ ရက်၊ ညနေ ၆ နာရီကျော်မှာ ပုဂံမြို့သစ်အနီး ပုဂံ-ချောက်လမ်းမဘေးက မှန်ဘုရားလို့သိကြတဲ့ စေတနာကြီးဘုရားဝင်းအနီး လက်နက်ကိုင် လူတစ်စုရဲ့ဖမ်းဆီးတာခံခဲ့ရတာလို့ သူက ပြောပါတယ်။ အဲဒီနောက် ဒီလူတွေကို သိန်း ၃ ထောင်နဲ့ ပြန်ရွေးဖို့ ငွေညှစ်ခဲ့တာဖြစ်ပေမဲ့ သိန်း ၁ ထောင်နဲ့ညှိနှိုင်းခဲ့ပြီး ငွေပေးခဲ့အပြီးမှာ ပြန်လွတ်လာတာလို့ အခြေအနေသိသူက ပြောပါတယ်။ညောင်ဦးမြို့နယ်ထဲမှာ အခုနှစ်အတွင်း ဒီလိုပြန်ပေးဆွဲပြီး ငွေညှစ်တဲ့ဖြစ်စဉ်တွေ ၉ ခုလောက် ဖြစ်ထားပြီးပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဒီဇင်ဘာ နှစ်သစ်ကူးကျောင်းပိတ်ရက်ရှည်ကာလ ပုဂံကို ခရီးသွားမယ့်သူအချို့က လုံခြုံရေးစိုးရိမ်တဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ ပြောဆိုနေကြပါတယ်။



