ရုရှား လေတပ် အခြေစိုက် စခန်းတစ်ခုထဲကို မိမိတို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ခိုးဝင်ပြီး စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ တိုက်လေယာဉ် နှစ်စီးကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောလိုက်ပါတယ်။ရှေ့တန်း စစ်မျက်နှာနဲ့ မိုင်ရာချီ အဝေးမှာ ရှိတဲ့ အခြေစိုက်စခန်းတွေကို မိမိတို့ ဝင်ရောက် တိုက်ခိုက်နိုင်စွမ်း ရှိကြောင်းနဲ့ အရင်ကလည်း ရုရှား တိုက်လေယာဉ်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ယူကရိန်း အရာရှိတွေရဲ့ ပြောဆိုမှုကို အမှီအခိုကင်းကင်းနဲ့ အတည်ပြုဖို့ မဖြစ်နိုင်သေးဘူးလို့ Business Insider သတင်းမှာ ဖော်ပြထားပါတယ်။ရုရှား လေယာဉ်တွေကို ပျက်စီးသွားအောင် ယူကရိန်းက တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တာကြောင့် မော်စကိုရဲ့ လေကြောင်းကနေ ကျူးကျော် တိုက်ခိုက်ရာမှာ ထိရောက်မှု အဟန့်အတား ဖြစ်အောင် လုပ်ထားနိုင်ပါတယ်။ယူကရိန်းက တိုက်လေယာဉ်တွေကို တိုက်ခိုက်ဖျက်ဆီးနေပုံကို လေ့လာပြီးတော့ အနောက်နိုင်ငံတွေကလည်း တရုတ်နဲ့ ရုရှားတို့လို ရန်သူ စစ်တပ်တွေက အလားတူ နည်းလမ်းတွေ သုံးလာရင် တိုက်လေယာဉ်တွေကို ဘယ်လို ကာကွယ်ရမလဲ ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။မိမိတို့ရဲ့ စစ်ဆင်ရေး တစ်ခုအတွင်း ရုရှား Su-30 တိုက်လေယာဉ် နှစ်စီးကို အသုံးပြုလို့ မရတော့အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ယူကရိန်း စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေးဌာနက ပြောပါတယ်။



