မြောက်ကိုရီးယားအစိုးရက ဘဏ္ဍာငွေရှာဖွေရန်နှင့် ငွေကြေးခဝါချရန် အိုင်တီကျွမ်းကျင်လုပ်သားများစွာကို ပြည်ပသို့စေလွှတ်လျက်ရှိပြီး အမေရိကန် နည်းပညာကုမ္ပဏီ Amazon က ၎င်းတို့ကုမ္ပဏီသို့ ဝင်ရောက်လုပ်ကိုင်ရန် ကြိုးပမ်းသည့် မြောက်ကိုရီးယားနိုင်ငံသား ၁,၈၀၀ ကျော်ကို တားမြစ်ပိတ်ဆို့ခဲ့ကြောင်း ကြေညာထားသည်။မြောက်ကိုရီးယားအလုပ်သမားများသည် ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများ၊ အထူးသဖြင့် အမေရိကန်ကုမ္ပဏီများတွင် အဝေးရောက်အိုင်တီအလုပ်အကိုင်များ ရရှိရန်ကြိုးပမ်းနေကြကြောင်း Amazon ၏ လုံခြုံရေးဆိုင်ရာအရာရှိချုပ် စတီဖင်ရှမစ်က ပြီးခဲ့သည့်အပတ်က LinkedIn တွင် ရေးသားခဲ့သည်။၎င်းအဆိုအရ လွန်ခဲ့သည့်တစ်နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံသားများ၏ အလုပ်လျှောက်ထားမှုသည် သုံးပုံတစ်ပုံခန့် မြင့်တက်လာသည်။မြောက်ကိုရီးယားနိုင်ငံသားများသည် အမေရိကန်ပြည်ထောင်စုအတွင်းရှိ ကွန်ပျူတာများကို နိုင်ငံပြင်ပမှနေ၍ အဝေးထိန်းစနစ်ဖြင့်ခိုင်းစေသည့် "laptop farms" များကို အသုံးချလေ့ရှိပြီး ထိုပြဿနာက Amazon ကုမ္ပဏီတစ်ခုတည်း ကြုံတွေ့ရခြင်းမဟုတ်ဘဲ နည်းပညာကဏ္ဍတစ်ခုလုံး ဖြစ်ပွားနေပုံရသည်ဟုလည်း ၎င်းက သတိပေးထားသည်။ရှမစ်အဆိုအရ မြောက်ကိုရီးယားနိုင်ငံသားဖြစ်နိုင်ကြောင်း ပြသနေသည့် လက္ခဏာများထဲတွင် ဖုန်းနံပါတ်ပုံစံများ မှားယွင်းနေခြင်းနှင့် မသင်္ကာဖွယ် ပညာအရည်အချင်းအထောက်အထားများ ပါဝင်နေသည်။



