အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က လက်နက် အများအပြား တပ်ဆင်မယ့် သူ့နာမည် ပေးထားတဲ့ စစ်သင်္ဘောတွေကို ဒီဇင်ဘာ ၂၂ ရက်မှာ မိတ်ဆက်လိုက်ပါတယ်။အဲဒီလို လုပ်ဆောင်တာက ရာထူးကနေ ထွက်ခွာသွားတဲ့ ခေါင်းဆောင်တွေအတွက်ပဲ ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ပေးလေ့ရှိတာ ဖြစ်ပါတယ်။"ထရန့်အဆင့်" စစ်သင်္ဘော အသစ်တွေဟာ အမေရိကန် ရေတပ်အင်အား တိုးချဲ့မှုရဲ့ စမှတ် တစ်ခု ဖြစ်တာကြောင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှု ကြန့်ကြာမှုတွေနဲ့ ကုန်ကျစရိတ် များလွန်းတာတွေကို စစ်ဆေးမှုတွေ ပိုမို လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း အချက်ပြလိုက်တာ ဖြစ်ပါတယ်။စစ်သင်္ဘောအသစ်တွေဟာ အမေရိကန်မှာ တည်ဆောက်ဖူးခဲ့သမျှ သင်္ဘောတွေထက် ပိုကြီးမားပြီး မြန်ဆန်သလို အဆ ၁၀၀ လောက် အင်အားကြီးတဲ့ သင်္ဘောတွေ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။အခု မိတ်ဆက်လိုက်တဲ့ စစ်သင်္ဘော အသစ်တွေဟာ အမေရိကန် ရေတပ်ရဲ့ ကြီးစိုးထားနိုင်မှု ခိုင်မာ အားကောင်းစေရေး ရွှေရောင် ရေယာဉ်အုပ်စုရဲ့ ဗဟိုချက်နေရာမှာ ရှိနေတဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။အဲဒီ စီမံကိန်းကနေ သင်္ဘော နှစ်စီး စတင် တည်ဆောက်သွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ သင်္ဘော အစီးရေ ၂၀ ကနေ ၂၅ စီးအထိ တိုးမြှင့် ထုတ်လုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။အဲဒီ စစ်ဘင်္ဘောတွေရဲ့ ပထမဆုံး သင်္ဘောကို USS Defiant လို့ နာမည်ပေးသွားမှာ ဖြစ်ပါတယ်။ဒီကြေညာချက်က ဖက်ဒရယ် အစိုးရပိုင် ပစ္စည်းတွေ အဆောက်အဦးတွေကို ထရန့် နာမည်တပ်ခေါ်ဖို့ သတ်မှတ်မှု နောက်ဆုံး လုပ်ရပ် ဖြစ်ပါတယ်။ထရန့်က အမေရိကန် စစ်သင်္ဘောတွေရဲ့ ရုပ်ထွက်ကို အရင်က ဝေဖန်ခဲ့ပြီး အခု အသစ်ဆောက်မယ့် သင်္ဘောတွေကို ဒီဇိုင်းရေးဆွဲရာမှာ သူကိုယ်တိုင် ပါဝင်နေတယ်လို့ ဆိုပါတယ်။



