အကြမ်းဖက်မှုများကို လက်မခံကြရန်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မူဟမ်မက်ယူနွတ်ဦးဆောင်သော ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရအဖွဲ့က ပြည်သူများကို ဒီဇင်ဘာ ၁၉ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။ပြည်သူ့ထောက်ခံမှု အခိုင်အမာရရှိထားသော လူငယ်နိုင်ငံရေးခေါင်းဆောင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း၌ ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် အိမ်စောင့် အစိုးရအဖွဲ့က အထက်ပါအတိုင်း ပြည်သူများကိုတိုက်တွန်းထားခြင်းဖြစ်သည်။ရှာရစ်ဖ်အိုစမင်အမည်ရှိ အသက် (၃၂) နှစ်အရွယ် လူငယ်နိုင်ငံရေးခေါင်းဆောင်ကို ပြီးခဲ့သည့်သီတင်းပတ်က မျက်နှာဖုံးစွပ်ထားသော လက်နက်ကိုင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၁၈
ရက်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။၎င်းသေဆုံးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
တစ်ဝန်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရပြီး ဒါကာမြို့တော်ရှိ သတင်းစာတိုက်နှစ်တိုက်ကို ဆန္ဒပြသမားများကတိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။အထက်ပါဆန္ဒပြပွဲများကြောင့် အမျိုးသားရွေးကောက်ပွဲများ မကျင်းပမီ ဘင်္ဂလားဒေ့ရှ်ပြည်တွင်း၌ မငြိမ်သက်မှုများ ထပ်မံပေါ်ပေါက်လာမည့်အရေးကို လေ့လာသူများက စိုးရိမ်လျက်ရှိသည်။လူထုအုံကြွမှုကြောင့် ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာဦးဆောင်သော အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီးနောက်အမျိုးသားရွေးကောက်ပွဲသစ်များကို လာမည့်နှစ်ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စီစဉ်ထားသည်။အဆိုပါရွေးကောက်ပွဲကို နှစ်နှစ်နီးပါးကြာမျှမတည်ငြိမ်မှုများနှင့် ရင်ဆိုင်ခဲ့ရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်လည်နာလန်ထူနိုင်ရေးအတွက် အထောက်အကူပြုနိုင်မည့် ရွေးကောက်ပွဲအဖြစ် လေ့လာသူများက သုံးသပ်ထားသည်။


