အမေရိကန်၏ ထိပ်တန်းအာမခံကုမ္ပဏီတစ်ခုဖြစ်သည့် Chubb မြန်မာနိုင်ငံမှ ထွက်ခွာရန် စီစဉ်နေမှုနှင့် ပတ်သက်ပြီး အာမခံကြေးပေးသွင်းထားသူများက မေးခွန်းထုတ်ဝေဖန်မှုများရှိနေကြောင်း သိရသည်။ယင်းကုမ္ပဏီတွင် အာမခံကြေးပေးသွင်းထားသူများကို မည်သို့ရှင်းလင်းပေးမည်ကို တိတိကျကျ မသိရှိရသေးဘဲ မေးခွန်းထုတ်ဝေဖန်မှုများရှိနေပါတယ်။၁၇၉၂ ခုနှစ်က အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် စတင်တည်ထောင်ခဲ့သည့် Chubb ကော်ပိုရေးရှင်း၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် Chubb အာမခံကုမ္ပဏီမှာ ကမ္ဘာတဝှမ်း ဝန်ထမ်းအင်အား သုံးသောင်းကျော်နှင့် လည်ပတ်နေပြီး ဇူးရစ်၊ နယူးယောက်၊ လန်ဒန်၊ ပဲရစ် စသည့် မြို့ကြီးများ အပါအဝင် နိုင်ငံပေါင်း ၅၄ နိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက်ရှိသည်။၂၀၁၉ ခုနှစ် ဧပြီ ၈ ရက်တွင် အဆိုပါကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် အသက်အာမခံကုမ္ပဏီခွဲတစ်ခု လုပ်ကိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ ခွင့်ပြုချက်ရရှိခဲ့သည်။ခြောက်နှစ်ကျာ်အကြာတွင် ယင်းကုမ္ပဏီမှာ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဟု လူမှုကွန်ရက်တွင် သတင်းဖော်ပြမှုများရှိနေပြီး လတ်တလောတွင်လည်း အာမခံနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများကို ရပ်နားထားသည်ဟု သိရသည်။ယင်းသို့ရပ်နားခြင်းမှာ ဒီဇင်ဘာ ၁၂ ရက်က စတင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်နေသူအချို့နှင့် အာမခံကိုယ်စားလှယ်အသိုင်းအဝိုင်းထံမှ သိရသည်။ထို့ပြင် အာမခံထားရှိသူများကို ငွေများ ၁၀၀ ရာခိုင်နှုန်း ပြန်ထုတ်ပေးသည်ဆိုသည်မှာ ပုံရိပ်ကျဆင်းခြင်းမှ ကာကွယ်ရန်ဖြစ်သော်လည်း အာမခံထားရှိသူအနေဖြင့်မူ အကာအကွယ်မဲ့သွားခြင်းပင်ဖြစ်သည်ဟု ဆိုနိုင်သည်။



