တောင်အမေရိကချန်ပီယံ အာဂျင်တီးနားနဲ့ ဥရောပချန်ပီယံ စပိန်အသင်းတို့ရဲ့ Finalissima ပွဲကို ကာတာနိုင်ငံမှာ မတ်(၂၇)ရက်နေ့ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။Finalissima ပြိုင်ပွဲဟာ အရင်က ရှိခဲ့ဖူးတဲ့ Artemio Franchi ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်မှာ ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပြီး တောင်အမေရိကချန်ပီယံနဲ့ ဥရောပချန်ပီယံတို့ တစ်ပွဲတည်းယှဉ်ပြိုင်ပြီး ဖလားလုရတဲ့ပြိုင်ပွဲ ဖြစ်ပါတယ်။
၂၀၂၂ ပြိုင်ပွဲမှာ ၂၀၂၁ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားနဲ့ ယူရို-၂၀၂၀ ချန်ပီယံ အီတလီတို့ ယှဉ်ပြိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းက (၃-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့သလို၊ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။အခု ၂၀၂၆ Finalissima ပွဲမှာတော့ ၂၀၂၄ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားနဲ့ ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဂျင်တီးနားအကျော်အမော် မက်ဆီနဲ့ စပိန်ကြယ်ပွင့် ယမားလ်တို့ ရင်ဆိုင်ရမယ့်ပွဲအဖြစ် ညွှန်းဆိုနေကြပါတယ်။၂၀၂၂ Finalissima ပွဲကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပခဲ့ပေမဲ့ ၂၀၂၆ Finalissima ပွဲကိုတော့ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။



