"ယူကရိန်းမြေပေါ်မှာ အနောက်နိုင်ငံတွေရဲ့ စစ်တပ်ကို ဘယ်လိုခေါင်းစဉ်မျိုးနဲ့ပဲဖြစ်ဖြစ်၊ ဘယ်လိုပုံစံနဲ့ပဲ လာထားထား ရုရှားအတွက်တော့ လုံးဝလက်ခံနိုင်စရာမရှိဘူး" လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ(Maria Zakharova) က ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။အဲဒီလို လာရောက်မယ့်သူတွေကို ရုရှားက "ငြိမ်းချမ်းရေးအတုအယောင် ဖော်ဆောင်သူတွေ" လို့ သတ်မှတ်ထားပြီး သူတို့ဟာ ရုရှားစစ်တပ်ရဲ့ တရားဝင်ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်လို့လဲ သူက သတိပေးထားပါတယ်။ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ(Keir Starmer) က အပစ်အခတ်ရပ်စဲရေးဖြစ်လာရင် ယူကရိန်းမှာ တပ်ဖြန့်ဖို့အတွက် နိုင်ငံအချို့နဲ့ စုပေါင်းပြင်ဆင်ထားတယ်လို့ ပြောခဲ့တာကို ရုရှားဘက်က တုံ့ပြန်လိုက်တာပါ။ဇာခါရိုဗာက ဒီအုပ်စုကို "စစ်မီးမွှေးတဲ့သူတွေ" လို့ ခေါ်လိုက်ပြီး သူတို့ဟာ ငြိမ်းချမ်းရေးအတွက် အဖြေရှာမယ့်အစား ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ဖို့ပဲ စီစဉ်နေကြတာလို့ စွပ်စွဲထားပါတယ်။



