ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၁၆ ရက် အတည်ပြု ကြေညာချက်အရ ကမ္ဘောဒီးယားဟာ အမေရိကန် လော်ဘီတွေကို အသုံးပြုပြီး နိုင်ငံတကာမှာ မျက်နှာပွင့်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Surasant ရဲ့ အဆိုအရ သူတို့ဟာ လျှို့ဝှက်စာရွက်စာတမ်းတွေရထားပြီး ကမ္ဘောဒီးယားဟာ အမေရိကန် နိုင်ငံ အခြေစိုက် လော်ဘီတွေဖြစ်တဲ့ National Consulting Services Inc., ကို အသုံးပြုငှားရမ်းပြီး အမေရိကန်အစိုးရနဲ့ အစိုးရချင်း ဆက်သွယ် ကောင်းအောင် ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။ အခုလို ငှားရမ်းတာကတော့ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲမှာ ကမ္ဘောဒီးယားဘက်ကို အသာရအောင်၊ အားသာအောင်လုပ်နေသလိုမျိုးလို့ သူက ပြောပါတယ်။ တစ်ကမ္ဘာလုံးဆီကနေ ထိုင်းက ကမ္ဘောဒီးယားကို နှိပ်စက်နေပါတယ်၊ သ-တ်ဖြတ်နေပါတယ်ဆိုပြီး ပုံဖော်ဖို့လို့ပြောပါတယ်။လက်ရှိမှာတော့ ထိုင်းက ကမ္ဘောဒီးယားကိုတိုက်တဲ့အခါ အပြစ်မဲ့သူတွေ တိုက်ခိုက်တာမျိုးလုံးဝမရှိသလို၊ ကမ္ဘောဒီးယားကိုယ်တိုင်က သူတို့ကိုယ်သူတို့ မသေချာတဲ့ အချက်အလက်တွေသုံးပြီး နစ်နာချင်ယောင်ဆောင်နေတာလို့ ပြောပါတယ်။ “ပြည်သူတွေ ထိခိုက်နေတယ်လို့ သူတို့ကပြောတယ်၊ သက်သေတွေလည်း ဘာမှမပြနိုင်ဘူး” လို့ ပြောပါတယ်။ ဒါ့အပြင် ထိုင်းက နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးရဖို့ စစ်ရေး၊ သံတမန်ရေး၊ ဆက်သွယ်ရေး နည်းစုံနဲ့ ကြိုးစားနေတယ်လို့ သူက ထပ်ပြောပါသေးတယ်။



