ရန်ကုန်၊ဗိုလ်တထောင်စေတီတော်ကြီးမှာ အစ်မတော်မြနန်းနွယ်ရဲ့ (၁၁၉)နှစ်မြောက် မွေးနေ့မင်္ဂလာဖောင်မျှောပူဇော်ပွဲကျင်းပဖို့ ရှိတယ်လို့ ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ပူဇော်ပွဲကိုမူလက ဒီဇင်ဘာ(၂၈)ရက်မှာကျင်းပဖို့လျာထားသော်လည်း ရွေးကောက်ပွဲနဲ့ တိုက်နေတဲ့အတွက် ဒီဇင်ဘာလ(၂၉)ရက်မှ(၃၁)ရက်အထိ သုံးရက်တိုင်တိုင်ကျင်းပဖို့ရှိတယ်လို့ ဆိုပါတယ်။ဖောင်မျှောရာမှာ အဓိကအားဖြင့် ဘုရား၊တရား၊သံဃာအတွက် ပြုလုပ်ဆောင်ရွက်ရန်၊ မြနန်းနွယ်ကျောင်း ဆောင် ပေါ်နဲ့ကျောင်းဆောင်ရှေ့မှာ မည်သည့်ဖောင်မှထားခွင့်မပြုရ၊ဖောင်အရွယ်အစားကို (၄)ပေအထက်ကျော်မလုပ်ရ၊ ထားရမယ့်နေရာမှာသာထားရန်၊အတီး အမှုတ်နဲ့ပူဇော်လိုသူတွေအနေနဲ့ ဘုရားဝန်းပြင်ပမှာဆောင်ရွက်ရန်၊ရေမျှောဖောင်ကို ကန်တော့ပွဲဆိုင်အားလုံးမှ ရောင်းချခွင့်ရှိပြီး ဘုရားဝန်းပြင်ပမှာသာရောင်းချခွင့်ပြုရန် စတဲ့အချက်တွေကို လိုက်နာဖို့ ဂေါပကအဖွဲ့က ထုတ်ပြန်ထားပါတယ်။



