အလုပ်အကိုင် ဈေးကွက်အားနည်းမှု နောက်ဆုံး လက္ခဏာအနေနဲ့ အမေရိကန်ရဲ့ အလုပ်လက်မဲ့ ဖြစ်မှုနှုန်းဟာ ပြီးခဲ့တဲ့လမှာ အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပေမယ့် ဝိရောဓိ ဖြစ်နေတဲ့ တရားဝင် အစီရင်ခံချက်ကြောင့် ဗဟိုဘဏ် အရာရှိတွေကြား အချေအတင် ဆွေးနွေးကြရဦးမှာ ဖြစ်ပါတယ်။အမေရိကန်မှာ အလုပ်လက်မဲ့ ဖြစ်မှုနှုန်းဟာ နိုဝင်ဘာလအတွင်း လေးနှစ်တာ အမြင့်မားဆုံးအနေနဲ့ ၄ ဒသမ ၆ ရာခိုင်းနှုန်း အထိ မြင့်တက်လာခဲ့ပြီး စက်တင်ဘာလက ၄ ဒသမ ၄ ရာခိုင်နှုန်းပဲ ရှိခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၁၆ ရက် ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။အလုပ်ရှင်တွေက နိုဝင်ဘာလအတွင်း အလုပ်နေရာ ၆၄,၀၀၀ ထပ်တိုးပေးခဲ့ပြီး ဒါဟာ စီးပွားရေး ပညာရှင်တွေ ဟောကိန်း ထုတ်ခဲ့တဲ့ အရေအတွက်ထက်ပိုများနေပါတယ်။
အခုနှစ်စောစောပိုင်းက အစိုးရ အလုပ်အကိုင်တွေ လျှော့ချရေး ဒေါ်နယ်ထရန့် အစိုးရရဲ့ ဆောင်ရွက်မှုကြောင့် ဖက်ဒရယ်အစိုးရ အလုပ်နေရာ ၁၆၂၀၀၀ ဆုံးရှုံးမှုနဲ့အတူ အောက်တိုဘာလက အလုပ်သမား ၁၀၅,၀၀၀ အလုပ်လက်မဲ့ ဖြစ်ခဲ့ပြီးနောက် အခုလိုမျိုး အလုပ်နေရာတွေကို အလုပ်ရှင်တွေက ဖြည့်တင်းပေးခဲ့တာ ဖြစ်ပါတယ်။နောက်ကျမှ ထွက်ပေါ်လာတဲ့ အစီရင်ခံစာဟာ အမေရိကန် အစိုးရဌာနတွေ ပိတ်သိမ်းထားခဲ့ရပြီးနောက် အမေရိကန် အလုပ်သမား ဈေးကွက် အခြေအနေကို ပထမဆုံး ဖော်ပြမှု ဖြစ်ပါတယ်။အိမ်ဖြူတော် အမျိုးသား စီးပွားရေးကောင်စီ ညွှန်ကြားရေးမှူး ကေဗင် ဟက်ဆက်က မျှော်လင့်ထားတဲ့ ပုံစံ တစ်ခု တွေ့မြင်ခဲ့ရပြီးနောက် အခုလိုမျိုး အချက်အလက်တွေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ ပြောထားပါတယ်။သူဟာ ထရန့်ရဲ့ သစ္စာခံ ရှေးရိုးစွဲ စီးပွားရေး ပညာရှင် တစ်ယောက် ဖြစ်ပြီး ဗဟိုဘဏ် ဥက္ကဋ္ဌနေရာကို ဆက်ခံမယ့်သူအဖြစ် ရှေ့ဆုံးက ရှိနေသူဖြစ်ပါတယ်။ဒီဇင်ဘာ ၁၆ ရက် အစီရင်ခံစာမှာ ဖော်ပြထားတာက ၆ လနဲ့အထက် ရေရှည် အလုပ်လက်မဲ့ ဖြစ်နေသူ အရေအတွက်ကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။



