ကာဒစ်ဖ်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲ ချဲလ်ဆီးအသင်းခြေစွမ်းက ဆီမီးဖိုင်နယ်နဲ့ ထိုက်တန်တဲ့ခြေစွမ်းမျိုးဖြစ်ခဲ့တယ်လို့ နည်းပြ မာရက်စ်ကာက ပြောပါတယ်။ စနေညက အဲဗာတန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီး ချဲလ်ဆီးအသင်းနည်းပြဘဝတစ်လျှောက် အဆိုးရွားဆုံး ၄၈ နာရီကို ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ မှတ်ချက်စကားနဲ့ပတ်သက်လို့ နည်းပြ မာရက်စ်ကာဟာ အသင်းတာဝန်ရှိသူတွေရဲ့ ငြိုငြင်မှုနဲ့ ရင်ဆိုင်ရနိုင်တယ် ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။
အခု ကာဒစ်ဖ်အသင်းနဲ့ပွဲအပြီးမှာ မာရက်စ်ကာက အသင်းတာဝန်ရှိသူတွေနဲ့ သူ့အကြားဆက်ဆံရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ရှောင်လွှဲသွားခဲ့ပြီး အခုချိန်မှာ အသင်းနိုင်ပွဲအတွက် ပျော်ရွှင်ရမယ့်အချိန်ဖြစ်တယ်လို့သာ ပြန်ဖြေသွားခဲ့ပါတယ်။ အသင်းပရိသတ်တွေနဲ့ ထိုက်တန်တဲ့ ဆီမီးဖိုင်နယ် ပွဲတစ်ခုဆီကို တက်ရောက်ခွင့်ရခဲ့တာကြောင့် အခုချိန်မှာ ပျော်ရွှင်နေပါတယ်လို့ မာရက်စ်ကာက ပြောပါတယ်။ အခုပွဲမှာတောင်ပံကစားသမားတွေဖြစ်ကြတဲ့ ဂါနာချိုနဲ့ နက်တိုတို့က အသင်းအတွက်ခြေစွမ်းပြခဲ့ကြပြီး ဂါနာချိုက ၂ ဂိုးနဲ့ နက်တိုက ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် နယူးကာဆယ်အသင်းနဲ့ ကစားရဖို့ရှိနေပြီး ကာဒစ်ဖ်ပွဲအပြီး အိမ်အပြန်လမ်းမှာ နယူးကာဆယ်အသင်းကစားခဲ့တဲ့ ပွဲတွေကို ကြည့်ရှုပြီး နောက်ပွဲအတွက် ပြင်ဆင်သွားရမှာဖြစ်တယ်လို့ နည်းပြ မာရက်စ်ကာက ပြောသွားပါတယ်။


