အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ အန္တရာယ်ရှိတဲ့ လေထုအရည်အသွေး ညစ်ညမ်းမှုတွေ ပိုမိုဆိုးရွားလာပြီး ဒေလီနဲ့ အနီးတဝိုက်ရှိ ကျောင်းတွေဟာ အွန်လိုင်းသင်ကြားမှုစနစ်ကို ပြောင်းလဲခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေကိုလည်း ပိတ်ပင်ထားဖို့ အမိန့်ထုတ်ထားပါတယ်။ဒီဇင်ဘာ၁၅ရက်တနင်္လာနေ့နံနက်မှာ အဆိပ်သင့်မြူခိုးတွေဟာ မြို့တော်ဒေလီကို ဖုံးလွှမ်းခဲ့ပြီး မြင်ကွင်းကို ထိခိုက်စေကာ လေယာဉ်ခရီးစဉ်နဲ့ ရထားခရီးစဉ်တွေ နှောင့်နှေးခဲ့ပါတယ်။ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ အမှုန်အမွှားတွေပါဝင်မှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ လေထုအညွှန်းကိန်း (AQI) - PM2.5 ဟာ ကန့်သတ်ချက်ထက် အဆ ၃၀ ကျော်ထိ မြင့်တက်နေပါတယ်။ အစိုးရရဲ့ ထုတ်ပြန်ချက်အရ တနင်္လာနေ့အစောပိုင်းမှာ ဒေလီရှိ လေထုအညွှန်းကိန်းဟာ ပျမ်းမျှ AQI မှာ ၄၇၁ ရှိပါတယ်. AQI အဆင့် ၁၀၁-၂၀၀ ကို အလယ်အလတ်၊ ၂၀၁-၃၀၀ ကို ဆင်းရဲ၊ ၃၀၁-၄၀၀ ကို အလွန်ဆိုးရွား၊ ၄၀၀ အထက်ကိုတော့ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားတဲ့ အဆင့်လို့ သတ်မှတ်ထားပါတယ်။ ဒီညစ်ညမ်းမှုအဆင့်ဟာ အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိပ်သင့်လေထုဟာ ဒေလီနဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ ဆောင်းရာသီကာလတွေအတွင်း မကြာခဏဖြစ်ပွားနေတဲ့ ပြဿနာတခုဖြစ်ပါတယ်။ ဒီပြဿနာဟာ စက်မှုလုပ်ငန်းတွေ့နေ ဓါတ်ငွေ့ ထုတ်လွှတ်မှုတွေ၊ ယာဉ်တွေမှ ထုတ်လွှတ်တဲ့ မီးခိုးငွေ့တွေ၊ အပူချိန်ကျဆင်းမှု၊ လေတိုက်နှုန်းနိမ့်ကျမှုနဲ့ အိမ်နီးချင်းပြည်နယ်တွေမှာ ရာသီအလိုက် သီးနှံအကြွင်းအကျန်တွေကို မီးရှို့တာလိုမျိုး အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။



