ကမ္ဘောဒီးယားနှင့် နယ်စပ်တိုက်ခိုက်မှုများ အငြင်းပွားနေသည့် ကမ်းရိုးတန်းဒေသများသို့ပါ ပျံ့နှံ့လာခဲ့ရာတွင် ထိုင်းနိုင်ငံက တောင်ပိုင်း ထရက်ပြည်နယ်၌ ညမထွက်ရအမိန့်ကို ကြေညာခဲ့သည်။ ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲရေးအတွက် လမ်းဖွင့်ထားကြောင်း ပြောကြားခဲ့ပြီးနောက်ပိုင်းမှစ၍ တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဆာရာဆန့် ကွန်ဆီရီက ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် ပြောကြားသည်။ ထိုင်းနိုင်ငံအနေဖြင့် သံတမန်ရေးအရ အဖြေရှာရန် လမ်းဖွင့်ထားသော်လည်း ဆွေးနွေးမှုမပြုမီ ကမ္ဘောဒီးယားက တိုက်ခိုက်မှုများကို အရင်ရပ်တန့်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ညမထွက်ရအမိန့်သည် ကမ္ဘောဒီးယား ခိုကွန်းပြည်နယ်နှင့် ကပ်လျက်ရှိသော ထရက်ပြည်နယ်မှ ခရိုင်ငါးခုအတွက် အကျုံးဝင်ပြီး ခရီးသွားကျွန်းများဖြစ်သည့် ခိုချန်းနှင့် ခိုကွတ်တို့ မပါဝင်ကြောင်း သိရသည်။ တနင်္လာနေ့က စတင်ခဲ့သော ထိုင်း-ကမ္ဘောဒီးယား တိုက်ခိုက်မှုများကြောင့် လူပေါင်း ခုနစ်သိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ ယခုအခါ ကမ်းရိုးတန်းဒေသများသို့ပါ ပျံ့နှံ့လာခြင်းဖြစ်သည်။
| 17 | 0 | 0 | 0 |


