ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင် ပင်လယ်ကွေ့တွင် ထိုင်းငါးဖမ်းစက်လှေတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ မြန်မာအလုပ်သမား ကိုဘီနှင့် အသက် ၅၆ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦး အပါအဝင် စုစုပေါင်း လှေလုပ်သား (၂) ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါစက်လှေသည် ဖစ်ဘူရီခရိုင်၊ ခေါင်ဝါ့ဆိပ်ကမ်းနှင့် ရေမိုင် ၄၉ မိုင်အကွာ၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး၊ စက်လှေပိုင်ရှင်၏ အကူအညီတောင်းခံမှုကြောင့် ထိုင်းအာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လှေလုပ်သား (၅) ဦးအနက် (၃) ဦးကိုသာ ကယ်တင်နိုင်ခဲ့သည်။ လက်ရှိတွင် ပျောက်ဆုံးနေသည့် လှေလုပ်သား (၂) ဦးကို ထိုင်းကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေလျက်ရှိသည်။


