ပြီးခဲ့သည့်လအတွင်း အမေရိကန်အထူးတပ်ဖွဲ့တစ်ဖွဲ့က တရုတ်နိုင်ငံမှ အီရန်နိုင်ငံသို့ဦးတည်မောင်းနှင်နေသော ကုန်တင်သင်္ဘောတစ်စင်းကို တက်ရောက်စီးနင်းခဲ့ပြီး စစ်ရေးစစ်ရာနှင့်စပ်ဆိုင်သည့် ဝတ္ထုပစ္စည်းများကို သိမ်းယူခဲ့ကြောင်း ဝေါလ်စထရိဂျာနယ် သတင်းစာက ဒီဇင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။အဆိုပါ ကုန်တင်သင်္ဘောကို အမေရိကန်အထူးတပ်ဖွဲ့က သီရိလင်္ကာနိုင်ငံ ကမ်းရိုးတန်းကမ်းလွန်ရေပြင်အတွင်း တက်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများကဝေါလ်စထရိဂျာနယ်သတင်းစာကို ထုတ်ဖော်ပြောကြားထားသည်။တက်ရောက်စီးနင်းမှု ပြုလုပ်စဉ် အမေရိကန်အထူးတပ်ဖွဲ့ သိမ်းယူခဲ့သောပစ္စည်းများမှာ အီရန်နိုင်ငံ၏ သမားရိုးကျလက်နက်များ ထုတ်လုပ်မှုလုပ်ငန်းတွင် အသုံးပြုနိုင်သော ပစ္စည်းများဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများ၏အဆိုအရ သိရသည်။
သို့ရာတွင် စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်အထူးတပ်ဖွဲ့က အဆိုပါကုန်တင်သင်္ဘောကို မူလခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာခွင့်ပေးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူ
များက ပြောကြားသည်။အထက်ပါဖြစ်စဉ်သည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်မှ အီရန်သို့ပို့ဆောင်သည့် ကုန်စည်များကို အမေရိကန်စစ်ဘက်က ကြားဖြတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။တရုတ်မှ အီရန်သို့ ဦးတည်မောင်းနှင်နေသော ကုန်တင်သင်္ဘောတစ်စင်းအား အမေရိကန်အထူးတပ်ဖွဲ့ဝင်များက တက်ရောက်စီးနင်းခဲ့သည်ဟူသော သတင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးချေ။ပြီးခဲ့သည့်နှစ်များအတွင်း အမေရိကန်ပြည်ထောင်စုသည် အီရန်လက်နက်များနှင့် ရေနံများကိုမကြာခဏဆိုသလို ကြားဖြတ်ဖမ်းဆီးခဲ့သည်။



