၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်သယ်ယူသွားမည်ဖြစ်ကြောင်း နိုဘယ်ဆုရှင် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်မာရီယာကိုရီနာမာချာဒိုက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ပွဲတက်ရောက်ရေးအတွက် နိုင်ငံမှခိုးထွက်လာရသည့် အတိုက်အခံ ခေါင်းဆောင် မာချာဒိုအနေဖြင့် ဗင်နီဇွဲလားသို့ ပြန်မည့်အချိန်ကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။၂၀၂၅ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာချာဒိုသည် နော်ဝေနိုင်ငံ အော့စလိုမြို့တော်၌ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ရေးအတွက် ဒီဇင်ဘာ ၉ ရက်တွင် ဗင်နီဇွဲလားမှ ခိုးထွက်ခဲ့သော်လည်း ဆုပေးပွဲအခမ်းအနားပြီးဆုံးပြီး နာရီအနည်းငယ် ကြာမှသာ အော့စလိုမြို့တော်သို့ရောက်ရှိခဲ့သည်။ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ပွဲအခမ်းအနားတွင် မာချာဒို၏ကိုယ်စား ၎င်း၏သမီးဖြစ်သူက လက်ခံရယူခဲ့ရသည်။ဗင်နီဇွဲလား အစိုးရသည်အသက် (၅၈) နှစ်အရွယ် အတိုက်အခံခေါင်းဆောင် မာချာဒိုကို ပြည်ပ ထွက်ခွာခွင့်ပိတ်ပင်ထားသည်မှာ ၁၀နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။



