သြစတြေးလျမှာ အသက် ၁၆ နှစ်အောက် လူမှုမီဒီယာပိတ်ပင်မှုကို Reddit က အထက်တရားရုံးမှာ တရားစွဲဆိုခဲ့ တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဝက်ဘ်ဆိုက်မှာ အသက်ကန့်သတ် ချက်တွေ ပြဋ္ဌာန်းပြီး နှစ်ရက် အကြာမှာ အမှုကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ သြစတြေးလျအစိုးရဟာ နိုင်ငံရေး ဆက်သွယ်ရေး လွတ်လပ်ခွင့် ကို ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Reddit က ဥပဒေကို စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။ Reddit ဟာ ဥပဒေအရ အသက်ကန့်သတ်ချက်ရှိတဲ့ လူမှုမီဒီယာ ပလက်ဖောင်းတစ်ခုအဖြစ် သတ်မှတ်နိုင်မလားဆိုတာ ကိုလည်း စိန်ခေါ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။သြစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်နဲ့အောက် ကလေးတွေကို ဆိုရှယ်လူမှုကွန်ရက် ပိတ်ပင်တဲ့ ဥပဒေသစ် စတင်အသက်ဝင်ပြီး ကမ္ဘာပေါ်မှာ ပထမဆုံး ဆောင်ရွက်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ တချို့ဆယ်ကျော်သက်တွေကတော့ ပိတ်ပင်ထားတဲ့ အတားအဆီးတွေကို ကျော်ခွထားပြီးသားဖြစ်လို့ အဖမ်းမခံ ရမချင်း လွတ်လွတ်လပ်လပ် ဆက်လက်ကြည့်ရှုကာ ပို့စ်တင်သွားမယ်လို ပြောပါတယ်။ ဒီဥပဒေသစ် အရ Meta၊ TikTok နဲ့ YouTube အပါအဝင် ဆိုရှယ်လူမှုကွန်ရက် ကုမ္ပဏီတွေအနေနဲ့ အသက် ၁၆ နှစ်အောက် သြစတြေးလျ နိုင်ငံသားတွေ အကောင့် မသုံးစေနိုင်အောင် သင့်လျော်တဲ့ ဆောင်ရွက်မှုတွေ အဆင့်ဆင့် ပြုလုပ်ရမှာဖြစ်ပါတယ်။



