ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတစ်ဝိုက်ရှိ ကောင်းကင်နှင့် ပင်လယ်ပြင်များတွင် တရုတ်နှင့် ရုရှားတို့ စစ်ရေးလေ့ကျင့်မှုများအပြီးတွင် အမေရိကန်၏ နျူကလီးယားဗုံးကြဲလေယာဉ်များသည် ဗုဒ္ဓဟူးနေ့တွင် ဂျပန်တိုက်လေယာဉ်များနှင့်အတူ ဂျပန်ပင်လယ်ပေါ် ပျံသန်းခဲ့ကြောင်း တိုကျိုက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းကဖော်ပြခဲ့သည်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ကြာသပတေးနေ့ထုတ် ကြေညာချက်တွင် “ အင်အားသုံး၍ လက်ရှိအခြေအနေကို တစ်ဖက်သတ် ပြောင်းလဲရန် ကြိုးပမ်းမှု မည်သည့်အရာကိုမဆို တားဆီးရန် ခိုင်မာသောဆုံးဖြတ်ချက်ကို ဂျပန်နှင့် အမေရိကန်တို့ ထပ်မံအတည်ပြုခဲ့ပြီး ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမေရိကန်တပ်ဖွဲ့နှစ်ခုလုံး၏ အသင့်အနေအထားကို အတည်ပြုခဲ့သည်” ဟု ဖော်ပြထားသည်။ အမေရိကန် B-52 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၂ စီးသည် ဂျပန်၏ F-35 စတဲလ်တိုက်လေယာဉ် ၃ စီး၊ F-15 တိုက်လေယာဉ် ၃ စီးတို့နှင့်အတူ ပျံသန်းခဲ့ခြင်းဖြစ်ပြီး၊ တရုတ်က ပြီးခဲ့သည့်အပတ်က ဒေသတွင်း စစ်ရေးလေ့ကျင့်မှုများ စတင်ခဲပြီးနောက်ပိုင်း အမေရိကန်က ၎င်း၏ စစ်ရေးတည်ရှိမှုကို ပထမဆုံးအကြိမ် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက ဗုံးကြဲလေယာဉ်ပျံသန်းမှုကို အရေးမကြီးဟု လျှော့ပြောကာ၊ တရုတ်-ရုရှ စစ်ရေးလေ့ကျင့်မှုများ မတိုင်ခင်ကတည်းက ကြိုတင်စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့်လကလည်း အမေရိကန် B-1B ဗုံးကြဲလေယာဉ်များ ပါဝင်သည့် အလားတူ ပူးတွဲပျံသန်းမှုများ ပြုလုပ်ခဲ့ဖူးကြောင်း ပြောခဲ့သည်။အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်း လီဗစ်က “ဂျပန်သည် အမေရိကန်၏ အကောင်းဆုံးမဟာမိတ် ဖြစ်ပြီး၊ တရုတ်နှင့်လည်း သမ္မတထရမ့်တွင် "ကောင်းမွန်သောအလုပ်သဘောဆက်ဆံရေး" ရှိကြောင်း တရုတ်နှင့်ဂျပန်ကြား တင်းမာမှုများရှိနေသော်လည်း နှစ်ဖက်လုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးထိန်းသိမ်းထားနိုင်ကြောင်းဆိုသည်။



