ရန်ကုန်တိုင်း၊ဒဂုံမြို့သစ် လေးမြို့နယ်က
ဆိုင်ကယ်ဘေးတွဲတွေကို ဖမ်းပြီး အပြီးတိုင်သိမ်းမယ်လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ဒီဇင်ဘာ ၉ရက်နေ့က စလို့ ဆိုင်ကယ်ဘေးတွဲတွေကို အဖွဲ့ပေါင်းစုံနဲ့ ဖမ်းဆီးပြီး အပြီးတိုင်သိမ်းယူနေသလို ကနဦးအနေနဲ့ မြောက်ဒဂုံ၊အရှေ့ဒဂုံ၊ဒဂုံဆိပ်ကမ်း၊တောင်ဒဂုံတို့မှာ စတင်ဖမ်းဆီးသွားမယ်လို့ ဆိုပါတယ်။
"မြို့နယ်အများစုမှာ ဆိုင်ကယ်ဘေးတွဲတွေနဲ့ မော်တော်ဆိုင်ကယ်တွေကို အဖွဲ့ပေါင်းစုံနဲ့ ဖမ်းဆီးပြီး အပြီးတိုင်သိမ်းယူမယ်။ စီမံချက်က ဒီဇင်ဘာ ၉ ရက်နေ့ ကနေစတယ်။ အခုစတင်ဖမ်းဆီးနေပါပြီ"လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တခုကဆိုင်ကယ်ဘေးတွဲမောင်းနှင်သူတယောက်က ဆိုင်ကယ်ဘေးတွဲတွေကို ဖမ်းဆီးမှုတွေက အရင်ကထက်ပိုများလာပြီး စစ်ဆေးရေးအဖွဲ့တွေနဲ့ မဆုံရအောင် သတိထားမောင်းနှင်နေရတယ်လို့ ပြောပါတယ်။


